
ရုရှားနဲ့ ယူကရိန်းအကြား စက်တင်ဘာ ၁၀ ရက်က အပြန်အလှန် တိုက်ခိုက်မှုအတွင်း အီလက်ထရွန်းနစ် ပြတ်တောက်မှုကြောင့် လမ်းလွဲပြီးရောက်လာတဲ့ ဒရုန်းတချို့ကို ပစ်ချခဲ့ကြောင်း ဘယ်လာရုစ်စစ်တပ်က ပြောပါတယ်။
ရုရှားနဲ့ ယူကရိန်းကြား UAV ဒရုန်းတွေနဲ့ အပြန်အလှန် တိုက်ခိုက်နေကြတဲ့ ညတိုက်ပွဲတွေမှာ ၂ ဖက်လုံးရဲ့ အီလက်ထရွန်နစ် စစ်ရေးနည်းပညာပစ္စည်းတွေရဲ့ ပြတ်တောက်မှုကြောင့် လမ်းပျောက်သွားတဲ့ UAV ဒရုန်းတွေနောက်ကို ဘယ်လာရုစ် လေကြောင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ကာကွယ်ရေးကိရိယာတွေက မျက်ခြည်မပြတ် ခြေရာခံခဲ့ကြောင်း ဘယ်လာရုစ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးပါဗဲလ် မူရာဗေက ပြောပါတယ်။
လမ်းကြောင်းပျောက်သွားတဲ့ ဒရုန်းတချို့ကိုတော့ ဘယ်လာရုစ်သမ္မတနိုင်ငံရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်တွေက ဖျက်ဆီးခဲ့တယ်လို့လည်းဆိုပါတယ်။
ဘယ်လာရုစ် တာဝန်ကျတပ်ဖွဲ့ဝင်တွေဟာ ပိုလန်နဲ့ လစ်သူယေးနီးယားတို့ကို လက်ရှိ ဆက်သွယ်ရေး လမ်းကြောင်းတွေကနေ သတင်းအချက်အလက် ဖလှယ်ပြီး စက်တင်ဘာ ၉ ရက် ည ၁၁ နာရီကနေ စက်တင်ဘာ ၁၀ ရက် မနက် ၄ နာရီအထိ ဒရုန်းတွေ ချဉ်းကပ်လာမှုကို အကြောင်းကြားပေးခဲ့ကြောင်းလည်း ပြောပါတယ်။
သူတို့နိုင်ငံပိုင်နက်အတွင်းကို အမည်မသိ လေယာဉ်တွေ ချဉ်းကပ်လာမှုကို သတိပေးခဲ့ပြီး ပိုလန်ကတော့ ဒရုန်းတွေရဲ့ လုပ်ဆောင်ချက်တွေကို ချက်ခြင်း တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။
ပိုလန်နိုင်ငံနဲ့ ဘောလ်တစ်နိုင်ငံတွေနဲ့အတူ လေကြောင်းအခြေအနေ ဆိုင်ရာ သတင်းအချက်အလက် ဖလှယ်မှုဟာ ဒေသတွင်းလုံခြုံရေးကို အာမခံဖို့အတွက် အရေးကြီးကိစ္စဖြစ်ပြီး ယုံကြည်စိတ်ချမှုနဲ့ လုံခြုံရေးကို ပိုမိုခိုင်မာစေတယ်လို့လည်း ပြောပါတယ်။
ထုတ်ပြန်ချက်ထဲမှာ လမ်းချော်ရောက်လာတာက ဘယ်သူ့ ဒရုန်းတွေဖြစ်တယ် ဆိုတာကိုတော့ မပြောထားပေမယ့် ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်လ်တပ်စ်ခ်ကတော့ ရုရှားဒရုန်း အများအပြားဟာ ပိုလန်ရဲ့ လေပိုင်နက်ထဲကို ချိုးဖောက် ရောက်ရှိလာတယ်လို့ ပြောပါတယ်။
Source: Reuters