
ယူကရိန်းအနောက်ပိုင်းကို ရုရှားက အကြီးအကျယ် လေကြောင်းကနေ တိုက်ခိုက်နေချိန်မှာ NATO အဖွဲ့ဝင် ပိုလန်နိုင်ငံရဲ့ ဝေဟင်ထဲကို ရုရှားဒရုန်းအများအပြား ဝင်ရောက်လာတဲ့အတွက် ပစ်ချခဲ့တယ်လို့ ပိုလန်အစိုးရက ထုတ်ပြန်ပါတယ်။
ဒီဖြစ်ရပ်ကို ရန်စကျူးကျော်မှုလို့ ပိုလန်က သုံးနှုန်းလိုက်ပြီး ၂၀၂၂ မှာ ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော်ပြီးနောက်ပိုင်း NATO အဖွဲ့ဝင် နိုင်ငံတနိုင်ငံရဲ့ လေပိုင်နက်ထဲ ရောက်လာတဲ့ ရုရှားပစ္စည်းတွေကို ပထမဆုံးအကြိမ် တိုက်ရိုက်ပစ်ချတာလည်း ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဒေါ်နယ်တက်စ်က အစိုးရအဖွဲ့ အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ပြီး တချို့လေဆိပ်တွေကို ယာယီပိတ်ထားခဲ့ရပါတယ်။
ပိုလန်နဲ့ NATO တိုက်လေယာဉ်တွေ ပျံတက်ပြီးနောက်မှာတော့ စစ်ဆင်ရေးကို အဆုံးသတ်ကြောင်း ကြေညာခဲ့ပါတယ်။
ပိုလန်လေပိုင်နက်ထဲကို ဒရုန်း ၁၀ စင်းကျော် ဝင်လာခဲ့ပြီး တိုက်ရိုက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ဒရုန်းတွေကို ချေမှုန်းခဲ့တယ်လို့ စစ်တပ်က ဆိုပါတယ်။ NATO အဖွဲ့ဟာ ပိုလန်နဲ့ အနီးကပ် တိုင်ပင်ညှိနှိုင်းနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီးကတော့ ရုရှားဟာ ယူကရိန်းကို ဒရုန်း ၄၁၅ စင်း၊ ဒုံးကျည် ၄၀ နဲ့ တိုက်ခိုက်ခဲ့ပြီး အဲဒီထဲက အနည်းဆုံး ၈ စင်းဟာ ပိုလန်ကို ဦးတည်ပျံသန်းခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ ရုရှားဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးတာ မရှိသေးပါဘူး။