
နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၄၄/၃) နဲ့ (၂၄၄/၄) ဖာလုံကြားမှာ ယာဉ် တစီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ကုက္ကိုပင်ကို ဝင်တိုက်တာကြောင့် တယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ယာဉ်တိုက်မှုဟာ ဖေဖော်ဝါရီ ၂၆ ရက် ည ၆ နာရီ မိနစ် ၂၀ လောက်က ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါလာတဲ့ အမျိုးသမီး တယောက်သေဆုံးကာ အမျိုးသား ၃ ယောက် ဒဏ်ရာ ရခဲ့တာလို့ ဆိုပါတယ်။
ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ပေးသူတယောက်က “ယာဉ်ပေါ်အားလုံး ၄ ယောက် ပါလာတယ်။ အမျိုးသမီး တယောက်က တခါတည်းဆုံးသွားတယ်။ အမျိုးသား ၃ ယောက် ဒဏ်ရာ ရတယ်။ ဒဏ်ရာရရှိတဲ့သူတွေထဲက တယောက်က (စိုးရိမ်ရ)တယ်” လို့ ပြောပါတယ်။
ယာဉ်မတော်တဆမှုကို ဘုရားတောင်အမြန်လမ်းမကြီး မီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူကူညီကယ်ဆယ်ရေးအသင်းတွေက သွားရောက် ကူညီကယ်ဆယ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေကို ဘုရားတောင် အမြန်လမ်းရဲစခန်းက ယာဉ်တစီး၊ ဖြူစင်မေတ္တာပရဟိတအသင်းက ယာဉ်တစီးတို့နဲ့ နေပြည်တော်ကုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။


