ရန်ကုန်-မန္တလေး အမြန်လမ်းမ၊ မိုင်တိုင်အမှတ် ၂၆၀/၃ အနီးမှာ ဖေဖော်ဝါရီ ၄ ရက် မနက် ၅ နာရီ ၂၇ မိနစ်လောက်က ခရီးသည်တင်ယာဉ်တစီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာကနေ သိရပါတယ်။
ရန်ကုန်ကနေ ရှမ်းပြည်နယ်၊ တောင်ကြီးဘက် ထွက်လာတဲ့ မြစန္ဒာ ခရီးသည်တင်ယာဉ်ဟာ မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ပေပင်လေးကျေးရွာအနီး မိုင်တိုင်အမှတ် ၂၆၀/၃ အရောက်မှာ မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
သက်ဆိုင်ရာ တာဝန်ရှိသူတယောက်က “ကားရဲ့ အနောက်အင်ဂျင်ခန်း အပူလွန်ကဲပြီး မီးလောင်မှုဖြစ်တာ။ ကားရှေ့ခန်းတွေကို မီးကူးစက်လောင်တာ မရှိပါဘူး။ ခရီးသည်လည်း အများကြီးမပါလာဘူး” လို့ ပြောပါတယ်။
အဲဒီ ခရီးသည်တင်ယာဉ်ပေါ်မှာ မီးလောင်မှုဖြစ်ပွားတဲ့အချိန် ခရီးသည် ၂ ယောက်သာ ပါရှိပြီး မီးလောင်မှုကြောင့် လူဒဏ်ရာရရှိမှုနဲ့ သေဆုံးမှုမရှိကြောင်း သိရပါတယ်။
မီးလောင်မှုကို ပေပင်လေး အမြန်လမ်း မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်၊ မီးသတ်ရေသယ်ယာဉ်တွေ အသုံးပြုပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းငြှိမ်းသတ်ခဲ့မှုကြောင့် မနက် ၅ နာရီ ၄၃ မိနစ်မှာ လုံးဝမီးငြိမ်းသွားကြောင်း သိရပါတယ်။





