
အမြန်လမ်းကောင်းကြောင်း ဂုဏ်ယူဝံ့ကြွားတဲ့ ဗီဒီယိုင်ဖိုင်တင်ခဲ့တဲ့ တူရကီပို့ဆောင်ရေးဝန်ကြီးဟာ တနာရီ ၂၂၅ ကီလိုမီတာ (မိုင် ၁၄၀) နှုန်းအထိ မောင်းနှင်မိခဲ့တာကြောင့် လူမှုကွန်ရက်မှာ ဝေဖန်ခံခဲ့ရပြီး ဝန်ချတောင်းပန်ခဲ့ရသလို ဒဏ်ကြေးလည်း တပ်ခံခဲ့ရပါတယ်။
ကျေးလက်ဂီတသံတွေနဲ့ သမ္မတ တာယစ်အာဒိုဂန်ရဲ့ မိန့်ခွန်းကောက်နုတ်ချက်တွေ ပါဝင်တဲ့ လူမှုကွန်ရက်ပေါ်တင်ခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ လမ်း၊ တံတားတွေလိုမျိုး အစိုးရရဲ့ အခြေခံ အဆောက်အအုံတွေ ဘယ်လောက်ကောင်းနေပြီ ဆိုတာကို ဖော်ပြဖို့ ဖြစ်ပါတယ်။
ဒါပေမဲ့ ပို့ဆောင်ရေးဝန်ကြီး အဗ္ဗဒူလ်ကာဒီးယား အူရာလိုဂူရဲ့ ကားဟာ အန်ကာရာ-နီဒီ အမြန်လမ်းပေါ်မှာ တခြားကားတွေကို တဟုန်ထိုး ကျော်တက်သွားခဲ့တာကို ကြည့်ရှုသူတွေက အဓိက အာရုံစိုက်မိခဲ့တာ ဖြစ်ပါတယ်။
ဗီဒီယိုထဲမှာ ကားဒိုင်ခွက်ပုံပါ ပါဝင်တာကြောင့် ၂၂၅ ဆိုတဲ့ ဂဏန်းဟာ အထင်အရှား ပေါ်နေခဲ့တာ ဖြစ်ပါတယ်။
တူရကီမှာ အမြန်လမ်းပေါ်မှာ အများဆုံး တနာရီ ကီလို ၁၄၀ (၈၇ မိုင်) အထိသာ မောင်းနှင်ခွင့် ပြုထားတာကြောင့် ဝန်ကြီးဟာ သတ်မှတ်အမြန်နှုန်းထက် နှစ်ဆတောင် ပိုမောင်းခဲ့တာ ဖြစ်ပါတယ်။
ဝေဖန်မှုတွေ မြင့်တက်ခဲ့အပြီးမှာတော့ ဝန်ကြီးဟာ မြန်နှုန်းကျော်လို့ တူရကီငွေ ၉,၂၆၇ လိုင်ရာ (ဒေါ်လာ ၂၈၀) ဒဏ်တပ်ခံခဲ့ရတဲ့ ချလံကို လူမှုကွန်ရက်မှာ ထပ်တင်ခဲ့ပြီး နိုင်ငံကို တောင်းပန်ကြောင်းပါ ရေးသားခဲ့ပါတယ်။
Source: Reuters