
တူရကီနိုင်ငံ အနောက်မြောက်ပိုင်း ဘာလီကေဆာပြည်နယ်မှာ ဩဂုတ် ၁၁ ရက်က ပြင်းအား ရစ်ချ်တာစကေး ၆ ဒသမ ၁ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့လို့ လူတယောက် သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး အလီ ယာလီကာယာက ပြောပါတယ်။
လူ ၂၉ ယောက် ဒဏ်ရာရပြီး အဆောက်အအုံ ၁၆ လုံး ပြိုကျခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ည ၇ နာရီ ၅၃ မိနစ်လောက်မှာ လှုပ်ခဲ့တဲ့ ငလျင်ကို နိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ အစ္စတန်ဘူလ် အပါအဝင် ပြည်နယ်အများအပြားမှာ ခံစားခဲ့ရတယ်လို့ တူရကီနိုင်ငံ AFAD သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်တွေက ပြောပါတယ်။
အပျက်အစီးတွေကြားမှာ အသက် ၈၁ နှစ်အရွယ် လူတယောက် သေဆုံးနေတာကို အရေးပေါ်အဖွဲ့တွေက တွေ့ခဲ့တယ်လို့ ယာလီကာယာက ပြောပါတယ်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေက အခု ပြီးဆုံးပြီး တခြား ဆိုးရွားတဲ့ အပျက်အစီး အသေအပျောက် လက္ခဏာ မရှိဘူးလို့လည်း သူက ဆက်ပြောပါတယ်။
ငလျင်က မြေအောက်အနက် ၁၁ ကီလိုမီတာကို ဗဟိုပြု လှုပ်ခတ်ခဲ့တယ်လို့ AFAD က ပြောပါတယ်။
ဂျာမန် ဘူမိသိပ္ပံ သုတေသနဌာန (GFZ) ကတော့ ငလျင်ပြင်းအား ၆ ဒသမ ၁၉ ရှိပြီး အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု လှုပ်ခတ်ခဲ့တာလို့ မှတ်တမ်းတင်ခဲ့ပါတယ်။
Source: Reuters