
တူရကီနိုင်ငံအလယ်ပိုင်း အေ့စ်ကီးဆေ့ဟီယာ ပြည်နယ်မှာ တောမီးငြှိမ်းသတ်ဖို့ ကြိုးပမ်းရင်း မီးသတ်သမား ၁၀ ယောက် သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ စိုက်ပျိုးရေးနဲ့ သစ်တောရေးရာဝန်ကြီး အီဘရာဟင် ယူမက်လစ် က ဇူလိုင် ၂၃ ရက်မှာ ပြောပါတယ်။
မီးသတ်သမားတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ဇူလိုင် ၂၂ ရက်ကတည်းက အေ့စ်ကီးဆေ့ဟီယာပြည်နယ်ရဲ့ ဆေယစ်ဂါဇစ်ခရိုင်က တောမီးကို ငြှိမ်းသတ်နေကြတာပါ။
ဇူလိုင် ၂၃ ရက်မှာတော့ ရုတ်တရက် လေလမ်းကြောင်းပြောင်းပြီး တိုက်ခတ်တာကြောင့် မီးတောက်တွေက သူတို့ဘက်ကို ရောက်လာပြီး မီးထဲမှာ မီးသတ်သမား ၂၄ ယောက် ပိတ်မိသွားခဲ့တယ်လို့ သစ်တောဝန်ကြီး ယူမက်လစ် က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
သူတို့ကို ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ပေမဲ့ ၁၀ ယောက် သေဆုံးခဲ့ပြီး တခြား ၁၄ ယောက်ကို ကုသနေဆဲဖြစ်တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။
သူတို့က တောင်ထိပ်မှာ မီးငြှိမ်းသတ်နေတာဖြစ်ပြီး ကျနော်တို့က တောင်အောက်ခြေမှာ မီးငြှိမ်းသတ်နေကြတာလို့ ဒီအဖြစ်အပျက်ကို မျက်မြင်တွေ့ရှိသူ မီးသတ်သမား အယ်ရ်ချုံးန် တေးမဲလ်က အေးလာ့စ်သတင်းအေဂျင်စီကို ပြောကြားခဲ့ပါတယ်။
သူတို့က တောင်ပေါ်တက်ပြေးပြီး မီးလွတ်ဖို့ ကြိုးစားခဲ့ပေမဲ့ မလုပ်နိုင်ခဲ့ဘူးလို့လည်း ဆိုပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အစိုးရရှေ့နေတွေက ဥပဒေအရ စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့တယ်လို့ တရားရေး၀န်ကြီး ယီလ်မက်ဇ် တွန့်ချ် က X ပို့စ်မှာ ပြောကြားခဲ့ပါတယ်။
တူရကီ အလယ်ပိုင်းနဲ့ အနောက်ပိုင်းပြည်နယ် ၅ ခုမှာ တောမီး ၇ ခု လောင်ကျွမ်းနေဆဲ ဖြစ်ကြောင်း သစ်တောဝန်ကြီး ယူမက်လစ် က ပြောပါတယ်။
Source: Reuters