
တူရကီနိုင်ငံတဝန်းမှာ တောမီးတွေ လောင်ကျွမ်းခဲ့ပြီး စံချိန်တင်အပူဒဏ်ကနေ လွတ်မြောက်ဖို့ နိုင်ငံသားတွေက နည်းလမ်းတွေ ရှာနေကြပါတယ်။
အီရတ်နဲ့ ဆီးရီးယားနယ်စပ်နားက စီလိုပီခရိုင်မှာ အပူချိန် ၅၀ ဒသမ ၅ ဒီဂရီစင်တီဂရိတ် စံချိန်တင်ခဲ့တယ်လို့ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက ပြောပါတယ်။
တူရကီနိုင်ငံရဲ့ အပူဆုံးပြည်နယ်တွေထဲက တခုဖြစ်တဲ့ အာဒါနာမှာ နေသူက လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း အပူလှိုင်းကြားမှာ အဲဒီနေရာမှာ အပူချိန် ၅၀ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာတာကို ခံစားမိတယ်လို့ ပြောပါတယ်။
“အပူက အသက်ရှူကျပ်တယ်။ လူတိုင်းက အာဒါနာကို စွန့်ခွာထွက်ပြေးဖို့ စိတ်အားထက်သန်နေကြတယ်။”
တခြားဒေသခံတယောက်က ရာသီဥတု ဖောက်ပြန်မှုအပေါ် အပြစ်တင်ပြီး သူ့ငယ်ဘဝအချိန်နဲ့ နှိုင်းယှဉ်ရင် ပျမ်းမျှအပူချိန်က ပိုပြင်းလာတာ ခံစားရတယ်လို့ ပြောပါတယ်။
တောမီးကြောင့် တူရကီနိုင်ငံတဝန်း လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း အပူချိန်တွေ မြင့်တက်လာခဲ့ပြီး တောမီးကြောင့် လူထောင်ပေါင်းများစွာကို ယာယီ ဘေးလွတ်ရာဆီ ရွှေ့ပြောင်းခဲ့ရပါတယ်။ မီးလောင်ကျွမ်းမှုအတွင်း မီးသတ်သမား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
ပူပြင်းခြောက်သွေ့တဲ့ နွေရာသီတွေမှာ မြေထဲပင်လယ်ဒေသမှာ တောမီးလောင်တာတွေ အဖြစ်များပါတယ်။
ဒါပေမဲ့ မကြာသေးမီနှစ်တွေအတွင်း ကမ္ဘာတဝန်း အပူချိန်တွေ မြန်မြန်ဆန်ဆန် မြင့်တက်နေလို့ ပိုပြင်းထန်တဲ့ အပူလှိုင်းတွေကြောင့် တောမီးတွေ လောင်ကျွမ်းနေပါတယ်။
Source: Reuters