
တူရကီနိုင်ငံ အနောက်မြောက်ပိုင်းရှိ ချာနက်ကယ်လေပြည်နယ် အလယ်ပိုင်းက တောမီးလောင်ကျွမ်းမှုကို လေပြင်းတိုက်ခတ်နေမှုကြောင့် တူရကီမီးသတ်သမားတွေ အတော်ကြိုးစား ငြှိမ်းသတ်နေရပြီး ရာနဲ့ချီတဲ့ ဒေသခံတွေကို ဘေးလွတ်ရာ ကြိုတင်ရွှေ့ပြောင်းထားရကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ မီဒီယာတွေက သြဂုတ် ၁၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနက ဗီဒီယိုဖိုင်တခုမှာ ကမ်းရိုးတန်းစောင့်လှေတွေက မီးဘေးသင့် ဒေသတွေမှာ နေထိုင်သူတွေကို ကယ်ဆယ်နေကြောင်း ပြသခဲ့ပါတယ်ေ
လူပေါင်း ၁၈၇ ယောက်ကို ပင်လယ်ပြင်မှတဆင့် ကယ်ဆယ်ခဲ့ပြီး ၁၆၁ ယောက်ကို ကုန်းပေါ်မှ ရွှေ့ပြောင်းပေးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး အလီ ယာလိကာယာက ပြောပါတယ်။
တောမီးလောင်ကျွမ်းမှုကို မီးသတ်လေယာဉ်တွေ၊ မီးသတ်ရဟတ်ယာဉ်တွေ၊ မီးသတ်ကားတွေနဲ့ လူအင်အား ၇၀၀ လောက်က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း မြို့တော်ဝန် အိုမာ တိုရာမန် က X ပို့စ်မှာ ပြောပါတယ်။
နေအိမ်တွေနဲ့ မော်တော်ကားတွေ အများအပြား မီးလောင်ခဲ့ရပြီး အာဏာပိုင်တွေဟာ တက္ကသိုလ်နယ်မြေ၊ စစ်တပ်နယ်မြေနဲ့ လူနေရပ်ကွက်တွေ အပါအဝင် အန္တရာယ်ရှိနေရာတွေမှာ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ခဲ့ပြီး အရေးပေါ်ယာဉ်တွေအတွက် လမ်းတွေရှင်းလင်းနေအောင် မလိုအပ်ဘဲ ခရီးသွားတာကို ရှောင်ကြဉ်ဖို့လည်း ဒေသခံတွေကို တိုက်တွန်းထားပါတယ်။
တောမီးကြောင့် မြို့တော်ရဲ့ လေဆိပ်၊ ဒါဒန်းနဲလက်စ် ရေလက်ကြားနဲ့ အဝေးပြေးလမ်းမကြီးရဲ့ အစိတ်အပိုင်းတွေကို ပိတ်ထားရပြီး တောင်ကုန်းတွေပေါ်မှာ မီးခိုးလုံးကြီးတွေ လျှံထွက်နေတာကို မြင်တွေ့ရပါတယ်။
ရဟတ်ယာဉ်တွေဟာ ဒါဒန်းနဲလက်စ် ရေလက်ကြားက ရေတွေကို စုပ်ယူပြီး တောမီးတွေကို ငြှိမ်းသတ်နေတာ မြင်တွေ့ရပြီး အဲဒီနယ်မြေရှိ ရပ်ကွက်အတွင်း လူနေအဆောက်အအုံတချို့ကို ပျံ့နှံ့သွားတဲ့ မီးတောက်တွေကို ရဲတပ်ဖွဲ့ရဲ့ ရေဖျန်းကားတွေနဲ့ မီးငြှိမ်းသတ်နေကြပါတယ်။
တူရကီနိုင်ငံ မိုးလေဝသဌာန အဆိုအရ ဒေသတွင်းရှိ အပူချိန်ဟာ ၃၃ ဒီဂရီစင်တီဂရိတ်ထိ ရောက်ရှိခဲ့ပြီး လေတိုက်နှုန်းမှာ တနာရီ ၆၆ ကီလိုမီတာအထိ ရောက်ရှိခဲ့ကြောင်း သိရပါတယ်။
မီးခိုးငွေ့ကြောင့် လူ ၅၀ လောက် ထိခိုက်ခဲ့ပြီး အနီးနားရှိ ဆေးဘက်ဆိုင်ရာ ဆေးခန်းတွေမှာ ကုသမှုခံယူကာ အသက်အန္တရာယ် စိုးရိမ်စရာမရှိကြောင်း အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
Source: Reuters