
ပြင်သစ်နိုင်ငံရှိ မီးသတ်သမားတွေဟာ မြို့တော်ပါရီထက် ပိုကျယ်တဲ့ နယ်မြေကို သိမ်းကျုံးလောင်ကျွမ်းလာတဲ့ တောင်ပိုင်း အော်ဒီဒေသက မီးတောက်တွေကို ထိန်းချုပ်ဖို့ သြဂုတ် ၇ ရက် မနက်ပိုင်းအထိ တညလုံး မီးငြှိမ်းသတ်ရင်း နိုင်ငံရဲ့ နှစ်ပေါင်း ၈၀ နီးပါးအတွင်း အကြီးမားဆုံး တောမီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ပဲဖစ်ညွန်မြို့ကနေ ၃၀ ကီလိုမီတာလောက် အကွာရှိ စိန့် လောရန့် ဒယ်လာ ကဲ့ဘရဲ့ရီစ် ကျေးရွာမှာ လူတယောက် သေဆုံးခဲ့ကြောင်း စီရင်စုက ပြောကြားခဲ့ပါတယ်။
တောတောင်တွေနဲ့ ကျေးရွာတွေကတဆင့် အလွန်ကို မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားတဲ့ မီးလောင်မှုကြောင့် အနည်းဆုံး အိမ်ခြေ ၂၅ လုံး မီးလောင်ခဲ့ပြီး ဒေသခံတွေနဲ့ ခရီးသွားတွေ ထွက်ပြေးခဲ့ရသလို လမ်းတွေလည်း ပိတ်ကုန်ပါတယ်။
မီးလောင်မှုဟာ “အလွန်မြန်မြန်ဆန်ဆန်” ပြန့်ပွားနေတာဖြစ်ပြီး မီးကို ထိန်းချုပ်နိုင်ဖို့ မီးသတ်သမား ၂,၀၀၀ လောက် လုပ်ဆောင်နေကြောင်း စီရင်စု အာဏာပိုင်တွေက ပြောပါတယ်။
လက်ရှိမှာ အဲဒီဒေသရှိ အိမ်ထောင်စု ၂,၅၀၀ လောက် လျှပ်စစ်မီး ပြတ်တောက်နေကြောင်း သိရပါတယ်။
အခုအချိန်အထိ ဟက်တာ ၁၅,၀၀၀ ကျော် မီးလောင်ထားပါတယ်။ အဲဒီအကျယ်အဝန်းဟာ လွန်ခဲ့တဲ့နှစ်တွေအတွင်း ပြင်သစ်နိုင်ငံတဝန်းလုံးရှိ မီးလောင်ခဲ့တဲ့ စုစုပေါင်းဧရိယာနဲ့ အတူတူပဲလို့ ပြည်ထဲရေးဝန်ကြီး ဘရူနို ရက်တေးလ်ယိုက ပြောပါတယ်။
ဒါ့အပြင် ဒီမီးလောင်မှုဟာ ၁၉၄၉ ခုနှစ်နောက်ပိုင်း ပြင်သစ်နိုင်ငံမှာ မီးတကြိမ်တည်း လောင်ကျွမ်းမှုကနေ လောင်ကျွမ်းသွားတဲ့ ဧရိယာအကြီးဆုံး ဖြစ်တယ်လို့လည်း ပြင်သစ် ပြည်ထဲရေးဝန်ကြီး ရက်တေးလ်ယိုက ပြောပါတယ်။
Source: Reuters