
ပြင်သစ်နိုင်ငံဟာ လာမယ့် စက်တင်ဘာလမှာကျင်းပမယ့် အကြိမ် ၈၀ မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပါလက်စတိုင်းကို နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုမယ်လို့ ပြင်သစ်သမ္မတ အီမန်နူယယ် မက်ခွန်း က ဇူလိုင် ၂၄ ရက်မှာ ပြောကြားလိုက်ပြီး ဒါက ဒေသတွင်းမှာ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ဆိုပါတယ်။
ဒီဆုံးဖြတ်ချက်ကို လူမှုကွန်ရက် X မှာ ပို့စ်တင် ကြေညာခဲ့တဲ့ ပြင်သစ်သမ္မတ မက်ခွန်းဟာ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ သမ္မတ မာမွတ် အက်ဘာ့စ်ဆီကို ပေးပို့တဲ့ စာတစောင်ကို ထုတ်ပြန်ခဲ့ပြီး ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုတဲ့ ပထမဆုံး အနောက်နိုင်ငံကြီး ဖြစ်လာဖို့ ပြင်သစ်ရဲ့ ရည်ရွယ်ချက်ကို အတည်ပြုလိုက်ပါတယ်။
“ဒီကနေ့မှာ အရေးတကြီး လိုအပ်နေတာက ဂါဇာမှာ စစ်ပွဲတွေ အဆုံးသတ်ဖို့နဲ့ အရပ်သားတွေကို ကယ်ဆယ်ဖို့ပါပဲ”လို့ မက်ခွန်း က သူ့ရဲ့တရားဝင် X အကောင့်မှာ ပြောကြားခဲ့ပါတယ်။
ချက်ချင်းအပစ်အခတ်ရပ်စဲရေး၊ ဓားစာခံတွေအားလုံးကို လွှတ်ပေးရေးနဲ့ ဂါဇာပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအများအပြား ပေးအပ်ရေးတို့ကို အလေးပေး ပြောကြားခဲ့ပါတယ်။
မက်ခွန်းရဲ့ ကြေညာချက်ကို ပါလက်စတိုင်းအာဏာပိုင်တွေက ကြိုဆိုခဲ့ပြီး ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ရဲ့ ဒုတိယသမ္မတ ဟူစိန် အလ်ရှိတ်ခ်က ပြင်သစ်သမ္မတ မက်ခွန်းကို ကျေးဇူးတင်ရှိကြောင်း ဇူလိုင် ၂၄ ရက်က လူမှုမီဒီယာကနေ ပြောကြားခဲ့ပါတယ်။
မက်ခွန်းရဲ့ ရပ်တည်ချက်ဟာ နိုင်ငံတကာ ဥပဒေနဲ့အညီ ပြင်သစ်ရဲ့ ကတိကဝတ်နဲ့ ပါလက်စတိုင်း တို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ လွတ်လပ်တဲ့နိုင်ငံ ထူထောင်ရေးတို့အတွက် ပါလက်စတိုင်းပြည်သူတွေရဲ့ အခွင့်အရေးအတွက် ထောက်ခံအားပေးမှုကို ထင်ဟပ်နေပါတယ်လို့လည်း ပြောပါတယ်။
ဒါကို တုံ့ပြန်တဲ့အနေနဲ့ ဟားမတ်စ်အဖွဲ့ကလည်း ကြာသပတေးနေ့ညက ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ပါလက်စတိုင်းနိုင်ငံတော်အဖြစ် အသိအမှတ်ပြုဖို့ မက်ခွန်းရဲ့ ကြေညာချက်ဟာ "အဖိနှိပ်ခံ ပါလက်စတိုင်း ပြည်သူတွေအတွက် တရားမျှတမှုရရှိရေး ဦးတည်ချက်ဆီသို့ အပြုသဘောဆောင် တဲ့ ခြေလှမ်းတရပ် ဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
တချိန်တည်းမှာပဲ အစ္စရေးက မက်ခွန်းရဲ့ကြေညာချက်ကို ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့ပြီး အစ္စရေး အရာရှိ အများအပြားက တန်ပြန်အရေးယူဆောင်ရွက်ဖို့ အစိုးရကို ချက်ချင်းတောင်းဆိုခဲ့ပါတယ်။
ဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုဟာ မက်ခွန်းရဲ့ ဆုံးဖြတ်ချက်ကို X မှာ ရှုတ်ချလိုက်ပြီး ဒီလို လုပ်ဆောင်ချက်ဟာ အကြမ်းဖက်မှုကို ဆုတံဆိပ် ပေးတာဖြစ်တယ်လို့လည်း ပြောလိုက်ပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးလ်ကတ်ထ်စ်က မက်ခွန်းကို ကန့်ကွက်လိုက်ပြီး ဒီဆုံးဖြတ်ချက်ဟာ “အရှက်ရစရာ အကျိုးနည်းကိစ္စ” ဖြစ်တယ်၊ ဟားမတ်စ် လူသတ်သမားတွေကို မြှောက်စားလိုက်တာပဲ လို့ ပြောဆိုပါတယ်။
အစ္စရေးလွှတ်တော် ဥက္ကဋ္ဌ အာမီယာ အိုဟာနာ ကလည်း ပြင်သစ်ရဲ့ ကြေညာချက်ဟာ ရှက်စရာကောင်းပြီး သစ္စာဖောက်မှုလို့ ခေါ်ဆိုခဲ့ပါတယ်။
ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ ပြင်သစ်သမ္မတ မက်ခွန်းရဲ့ အစီအစဉ်ကို ဝါရှင်တန်ကလည်း ပယ်ချကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုက ဇူလိုင် ၂၄ ရက်က ပြောကြားလိုက်ပြီး ဒါဟာ မဆင်မခြင် ဆုံးဖြတ်ချက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဇွန်လတုန်းက သံတမန်ကြေးနန်း တစောင်မှာ အမေရိကန်က ပါလက်စတိုင်းနိုင်ငံကို တဖက်သတ် အသိအမှတ်ပြုမယ့် အဆင့်တိုင်းကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။
Source:Reuters