
၇၅ နှစ်တာအတွင်း ပြင်သစ်နိုင်ငံမှာ အကြီးမားဆုံး တောမီးလောင်ကျွမ်းမှု ဖြစ်ပွားနေပြီး လောလောဆယ်အထိ အမျိုးသမီးတယောက် သေဆုံးကာ နောက်ထပ် ၁၃ ယောက် ဒဏ်ရာရထားကြောင်း သိရပါတယ်။
အခုလိုမျိုး ဒဏ်ရာရရှိသူတွေထဲမှာ မီးသတ်သမား ၁၁ ယောက် ပါဝင်သလို အဲဒီထဲက ၂ ယောက်ကိုလည်း အခြေအနေ စိုးရိမ်ရတယ်ဆိုပြီး ဖော်ပြထားပါတယ်။
ဩဂုတ် ၅ ရက်က ပြင်သစ်တောင်ပိုင်း ရီဘော့တ်ကျေးရွာအနီးမှာ စတင်လောင်ကျွမ်းခဲ့တဲ့ တောမီးကြောင့် ပါရီမြို့တော်ထက် ကြီးမားတဲ့ဧရိယာကို မီးဘေးသင့်စေခဲ့ပါတယ်။
အော့ဒါဒေသမှာလည်း မီးသတ်ယာဉ် အစီး ၅၀၀ နဲ့ မီးသတ်သမား အယောက် ၂,၀၀၀ ကျော် အပါအဝင် စစ်တပ်နဲ့အတူ ရဲတပ်ဖွဲ့ဝင်တွေပါ ဆက်ပြီး နေရာချထားကြောင်း အတည်ပြုပါတယ်။
ဒါဟာ ၁၉၄၉ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးတောမီး ဖြစ်တဲ့အလျောက် ပြင်သစ်ဝန်ကြီးချုပ် ဖရန်ဆွာ ဘရဟျူးက ဒါကို “မကြုံစဘူး အတိုင်းအတာနဲ့ ကပ်ဘေးကြီး” တခုပဲဆိုပြီး မှတ်ချက်ပြုပါတယ်။
အော့ဒါ စီရင်စုရဲ့ စီမံခန့်ခွဲရေးအရာရှိချုပ် လူစီရော့ရှ် ကလည်း “တောမီးကို ထိန်းချုပ်နိုင်ပြီ” ဖြစ်ကြောင်း ပြည်တွင်းမီဒီယာတွေမှာ ဖြေဆိုထားပါတယ်။
ဒါပေမဲ့လည်း အုပ်ချုပ်ရေးမှူးဖြစ်သူ ခရစ္စရှန် ဖူးဂျေ ကတော့ “ နောက်ထပ် ရက်အနည်းငယ်အထိ မီးငြိမ်းပြီလို့ ကြေညာနိုင်ဦးမှာ မဟုတ်ပါဘူး၊ အများကြီး လုပ်စရာကျန်ပါသေးတယ်” လို့ ပြောသွားပါတယ်။
အခုလိုမျိုး နယ်မြေဧကပေါင်း ၄၂,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ တောမီးကို ရေနဲ့ငြှိမ်းသတ်ရာမှာ လေယာဉ်တွေကလည်း အခရာကျခဲ့ပါတယ်။
လက်ရှိ ပြတ်ကျနေတဲ့ လျှပ်စစ်ဓာတ်ကြိုးတွေနဲ့ တခြားအန္တရာယ်တွေကြောင့် အလွန်အန္တရာယ်များတဲ့အတွက် မီးဘေးသင့်ဒေသကို ဝင်ရောက်ခွင့်မပေးဘဲ တာဝန်ရှိသူတွေက ပိတ်ပင်ထားပါတယ်။
ကော်ဗြယ်ဒေသက ကျေးရွာတွေမှာတော့ အရေးပေါ်သတိပေးချက်ကို ထုတ်ပြန်ထားရဆဲ ဖြစ်ပါတယ်။
သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး အက်ညက်စ် ပန်ညီ−ရူနာရှာက တောမီးလောင်ကျွမ်းမှုကို ကမ္ဘာကြီးပူနွေးလာတာနဲ့ မိုးခေါင်ရေရှားမှုလိုမျိုး ရာသီဥတုပြောင်းလဲမှုနဲ့ ဆက်စပ်နေတယ်ဆိုပြီး ကောက်ချက်ချပါတယ်။
Source: Reuters