ရခိုင်ပြည်နယ် တောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက်နဲ့ ကင်းတောင်ကျေးရွာတို့မှာ မတ် ၅ ရက်က စက်သုံးဆီ အရောင်းဆိုင် ၂ ဆိုင်နဲ့ စားသောက်ဆိုင်တဆိုင် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။
တောင်ကုတ်မြို့နယ် ကင်းတောင်ကျေးရွာမှာ မတ် ၅ ရက် ညနေ ၄ နာရီ ၄၀ မိနစ်ဝန်းကျင်က စက်သုံးဆီဆိုင်တဆိုင် စတင်မီးလောင်ခဲ့ပြီး အဲဒီမီးလောင်မှုအတွင်းမှာ ကလေးငယ် ၂ ယောက် မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မတ် ၅ ရက် ညနေ ၅ နာရီ ၁၀ မိနစ် ဝန်းကျင်မှာပဲ ကိုင်းရှည်ရပ်ကွက်က စက်သုံးဆိုင် အရောင်းဆိုင်တခုမှာ ဆီဖြည့်နေစဉ် မတော်တဆမှုဖြစ်ပြီး မီးလောင်မှုဖြစ်ပွားကာ အနီးအနားရှိ စားသောက်ဆိုင်တဆိုင်နဲ့ အိမ်တဆောင်ကို မီးကူးစက်လောင်ကျွမ်း ပျက်စီးခဲ့တယ်လို့ တောင်ကုတ်မြို့နယ် DELPS တပ်ဖွဲ့နဲ့ နီးစပ်သူ အမျိုးသားတယောက်က ပြောပါတယ်။
“မနေ့က တရက်တည်းမှာ စက်သုံးဆီအရောင်းဆိုင် မီးလောင်မှုဖြစ်ပွားသွားတာ။ အချိန်လည်း သိပ်မကွာကြဘူး။ စက်သုံးဆီဆိုင်တွေမှာ ဆီရောင်းနေစဉ်မှာ ပေါ့ဆမှုတွေကြောင့် မီးလောင် ကျွမ်းမှုဖြစ်တာ။ ကင်းတောင်ရွာမှာတော့ ကလေးငယ်နှစ်ဦး အနည်းငယ် ဒဏ်ရာရရှိခဲ့တာ ရှိတယ်။ ကိုင်းရှည်ရပ်ကွက်က ဆီဆိုင်မီးလောင်မှုကတော့ အနီးက စားသောက်ဆိုင်တဆိုင်နဲ့ အိမ်တဆောင်ပါ မီးလောင်မှု ကူးစက်သွားပြီးတော့ ပျက်စီးသွားတယ်။ ဆုံးရှုံးမှုတန်ဖိုး အသေးစိတ် တွက်ချက်မှုနဲ့ လိုအပ်တဲ့ ဥပဒေအရ အရေးယူနိုင်ဖို့ ဆက်လက်လုပ်ဆောင်နေတာတွေ ရှိတယ်။”
အဲဒီမီးလောင်မှု ၂ ခုကို ညနေ ၇ နာရီခွဲဝန်းကျင်မှာ ဒေသခံကျေးရွာသားတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသအုပ်ချုပ်ရေးဌာနက ဝန်ထမ်းတွေ စုပေါင်းပြီး ငြှိမ်းသတ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
အခုမီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးသွားကြတဲ့သူတွေမှာ တောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက်က ဦးလွင်မိုးသူ ပိုင်ဆိုင်တဲ့ ဆီဆိုင်နဲ့ ကင်းတောင်ရွာက ဦးစိန်စု ပိုင်ဆိုင်တဲ့ ဆီဆိုင်ဖြစ်ပြီး မီးလောင် သွားတဲ့ စားသောက်ဆိုင်မှာ တောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက်က ဦးအောင်မင်း ပိုင်ဆိုင်တဲ့ သာလီစွ စားသောက်ဆိုင်တို့ ဖြစ်ကြပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်ကလည်း ပလက်ဝမြို့နယ်၊ တွီးကင်းဝကျေးရွာမှာ ပေါ့ဆမီးကနေ မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၁၀ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။
အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားတဲ့ မြို့နယ်တွေနဲ့ ရပ်ရွာတွေမှာ နွေရာသီအတွင်း မီးဘေးအန္တရာယ်ကို မပေါ့ဆကြဖို့၊ မီးဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားရမဲ့ အချက်တွေပါတဲ့ ဆိုင်းဘုတ်တွေ စိုက်ထူ သတိပေး နှိုးဆော်ထားပြီး မီးသုံးစွဲရမဲ့ အချိန်တွေကိုလည်း ကန့်သတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။










