
မော်လမြိုင်မြို့မှာ မတ် ၂ ရက် မနက်အစောပိုင်းက နေအိမ်မီးလောင်မှုကြောင့် သက်ကြီးပိုင်း ၂ ယောက် သေဆုံးခဲ့ပြီး ရန်ကုန်မြို့မှာလည်း တရက်တည်း ကားမီးလောင်မှု ၂ ကြိမ်ဖြစ်ခဲ့တယ်လို့ မီးသတ်ဌာနနဲ့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။
"အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရပြီး အဘိုးတဦး၊ အဘွားတဦးသေဆုံးပါတယ်" လို့ အဲဒီအဖွဲ့က အသိပေးထားပါတယ်။
ဒ့ါအပြင် မတ် ၂ ရက်နေ့မှာပဲ ရန်ကုန်မြို့က မြို့နယ် ၂ ခုမှာ ကားမီးလောင်မှုဖြစ်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံဝင်း၊ ထွန်းရွှေဝါလမ်းမှာ နေ့လယ် ၂ နာရီခွဲလောက်က ရပ်ထားတဲ့ ကုန်တင်ကားတစီး မီးလောင်ခဲ့ပြီး ဗဟန်းမြို့နယ်၊ ဗဟန်း ၃ လမ်းမှာ ညနေ ၄ နာရီ ၁၀ မိနစ်လောက်က YBS ကားတစီး မီးလောင်မှု ထပ်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
ဗဟန်းမြို့နယ်၊ ဆရာစံ (တောင်)ရပ်ကွက်၊ အနောက်ဗဟိုလမ်းမှာ နေ့လယ် ၁ နာရီလောက်က နေအိမ်မီးလောင်မှုဖြစ်ခဲ့လို့ အဲဒီမြို့နယ်အတွင်း တရက်တည်း မီးလောင်မူ ၂ ကြိမ်ရှိခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်ကလည်း မရမ်းကုန်းမြို့နယ်၊ ဗဟိုလမ်းမှာ Fielder အမျိုးအစားကား တစီး မီးလောင်ခဲ့ပြီး မတ် ၂ ရက်မှာ တရက်တည်း ကားမီးလောင်မှု ၂ ကြိမ်ခဲ့ပါတယ်။
ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်မှာလည်း ဖေဖော်ဝါရီ ၂၂ ရက်က တိုက်ခန်းမီးလောင်မူကြောင့် အမျိုးသားတယောက် သေဆုံးခဲ့သလို ဖေဖော်ဝါရီ ၁၅ ရက်က မရမ်းကုန်းမြို့နယ်၊ သမိုင်းခုံးတံတားအနီး စတိုးဆိုင်မီးလောင်မူကြောင့် အသက် ၆၀ အရွယ် အမျိုးသမီး ၂ ယောက် သေဆုံးခဲ့ပါတယ်။
ရန်ကုန်မြို့မှာ ကားမီးလောင်မှုတွေ မကြာခဏရှိနေပြီး ဇန်နဝါရီလအတွင်း ကားမီးလောင်မူ ၄ ကြိမ်ရှိခဲ့ကာ မီးလောင်ပျက်စီးတဲ့ကား ၅ စီးရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဒါ့အပြင် မတ် ၂ ရက်နေ့မှာပဲ ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်၊ ကမ်းနားလမ်းမှာ မွန်းတည့် ၁၂ နာရီလောက်က ငြိမ်းချမ်းဧရာစက်သုံးဆီသိုလှောင်ရုံ မီးလောင်မှုကြောင့် ရပ်ထားတဲ့ဆီသယ်ကားနဲ့ သုံးဘီးဆိုင်ကယ် မီးလောင်ဆုံးရှုံးခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။


