Home
မြန်မာသတင်း
M-Brother အထည်ချုပ်စက်ရုံမီးလောင်မှု လူသေဆုံးမှုရှိဟု သတင်းထွက်၊ စစ်တပ်က လုံခြုံရေးယူ
DVB
·
February 18, 2026

ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မူဇုန်ရှိ M-Brother အထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ်စဥ်မှာ အလုပ်သမား ၂ ယောက် သေဆုံးခဲ့တယ်လို့ သတင်းထွက်နေပြီး ၄ နာရီနီးပါးကြာတဲ့အထိ မီးလောင်ခဲ့တာကြောင့် စစ်တပ်နဲ့ ရဲအင်အား အလုံးအရင်းရောက်ရှိကာ လုံခြုံရေး ယူထားတယ်လို့ အဲဒီမြို့နယ်အခြေစိုက် အလုပ်သမားသမဂ္ဂအဖွဲ့ဆီက သိရပါတယ်။

M-Brother အထည်ချုပ်စက်ရုံမှာ မွန်းတည့် ၁၂ နာရီခွဲလောက်က မီးစတင် လောင်ကျွမ်းခဲ့တာဖြစ်ပြီး ညနေ ၄ နာရီခွဲလောက်အထိ မီးငြှိမ်းသတ်နေရဆဲပဲလို့ ဆိုပါတယ်။

ရွှေပြည်သာမြို့နယ်က အလုပ်သမားသမဂ္ဂခေါင်းဆောင်တယောက်က "မြေပြင်သတင်းတွေအရ အလုပ်သမား ၂ ယောက် သေဆုံးတယ်လို့ သိရတယ်။ သက်ဆိုင်ရာက သေဆုံးတဲ့ သတင်းကို ဖုံးဖိထားတဲ့ အနေအထားမှာရှိလို့ သမဂ္ဂအဖွဲ့ဝင်တွေ သွားရောက်ပြီး စောင့်ကြည့်အတည်ပြုချက် ယူနေတယ်။ စစ်တပ်နဲ့ရဲက စက်ရုံပတ်ချာလည်မှာ ဝိုင်းထားတယ်။ အပြင်လူပေးမဝင်လို့ သတင်းအချက်အလက်ရဖို့ ခက်နေတယ်" လို့ ပြောပါတယ်။

မီးလောင်မှုဖြစ်တဲ့စက်ရုံမှာ ၂ ထပ်အဆောက်အဦဖြစ်ကာ အောက်ထပ်က စလောင်တဲ့အတွက် အပေါ်ထပ်က အလုပ်သမားတွေ ပိတ်မိတာမျိုးရှိနိုင်တယ်လို့ မြေပြင်သွားရောက် စောင့်ကြည့်ခဲ့သူတွေက ဆိုပါတယ်။

မီးလောင်မှုပြင်းတဲ့အတွက် အလုပ်သမားတွေရဲ့ မိသားစုဝင်တွေလည်း စိုးရိမ်တကြီးနဲ့ ရောက်ရှိနေကြသလို မီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေးအဖွဲ့တွေက ရှာဖွေကယ်ဆယ်ရေးတွေ အသည်းအသန်လုပ်နေတယ်လို့ သမဂ္ဂခေါင်းဆောင်က ပြောပါတယ်။

မြေပြင်ကနေ နောက်ဆုံးရရှိတဲ့ သတင်းအရ M-Brother စက်ရုံရဲ့ ဘေးနားကပ်လျက်က နေရွှေဝန်း အထည်ချုပ်စက်ရုံကိုပါ ကူးစက်လောင်ကျွမ်းနိုင်တဲ့ အနေအထားရှိနေတယ်လို့လည်း သူက ပြောပါတယ်။

အဲဒီစက်ရုံမီးလောင်မူနဲ့ပတ်သက်ပြီး မီးသတ်တပ်ဖွဲ့က Level-2 အဆင့်သတ်မှတ်ခဲ့ကာ နေ့လယ် ၁ နာရီ ၃၈ မိနစ်မှာ မီးထိန်းထားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013