
ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကညင်ကောက်ကြီးကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာမှာ ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပြီး လူနေအိမ် ၂ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ရွာသစ်ကုန်းကျေးရွာက နေအိမ်တလုံး မီးကြွင်းမီးကျန်ကတဆင့် မီးလောင်မှုကြောင့် ၁၅ x ၄၀ ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ လူနေအိမ်တလုံးနဲ့ ၂၀ x ၄၀ ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ လူနေအိမ်တလုံး စုစုပေါင်း နေအိမ် ၂ လုံး ပျက်စီးဆုံးရှုံးခဲ့တာလို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “မီးဖိုမီးကနေ အိမ်အကာကို မီးကူးစက်ပြီး လောင်တာ။ မီးလောင်မှုကြောင့် ကပ်ရက်နေအိမ် ၂ လုံး မီးလောင်ဆုံးရှုံးတာ။ အချိန်မီ မီးငြှိမ်းနိုင်တာကြောင့် နောက်ထပ် ပျက်စီးမှုမရှိတာ၊ လူတွေ ထိခိုက်သေဆုံးတာ မရှိပါဘူး” လို့ ပြောပါတယ်။
အဲဒီမီးလောင်မှုကို ညောင်တုန်းမြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးမျိုးမင်းသူ ဦးဆောင်ကာ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၅ ယောက်၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀ ယောက်က မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ်တစီး အသုံးပြုပြီး ဒေသခံ ပြည်သူတွေနဲ့အတူ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ညနေ ၃ နာရီ ၅ မိနစ်ခန့်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုကြောင့် လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်ဒဏ်ရာရ သေဆုံးမှုမရှိဘဲ မီးလောင် စမှုဖြစ်ခဲ့တဲ့ နေအိမ်ပိုင်ရှင်ကို ညောင်တုန်းမြို့နယ်၊ ချောင်းကြီးနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။


