
ထိုင်းနိုင်ငံ၊ စမွတ်စခွန်းခရိုင်၊ ကထုမ့်ပဲန်မြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၁၀ ရက် ညနေက တာယာစက်ရုံ ပေါက်ကွဲမီးလောင်မှုဖြစ်ပွားပြီး ရွှေ့ပြောင်းလုပ်သား အပါအဝင် ၁၄ ယောက် ထိခိုက်ဒဏ်ရာရကာ လုပ်သားပေါင်း ၂၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးခဲ့ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ကားတာယာနဲ့ ဆိုင်ကယ်ဘီးတွေ ထုတ်လုပ်တဲ့ အဆိုပါစက်ရုံဟာ ASA Motorparts ကုမ္ပဏီပိုင်ဖြစ်ပြီး ကထုမ့်ပဲန်မြို့နယ်၊ အုမ်းနွဲ့ရပ်ကွက် ဖစ်ကဆဲမ်လမ်းမကြီးပေါ်မှာ တည်ရှိတယ်၊ ဖေဖော်ဝါရီ ၁၀ ရက် ညနေ ၄ နာရီလောက်က ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့ပြီး မီးသတ်ကားပေါင်း ၁၀ စီးနဲ့ အချိန် ၁ နာရီကျော်ကြာအောင် မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီစက်ရုံမှာ ထိုင်းရော ရွှေ့ပြောင်းလုပ်သားတွေပါ ၂၀၀ ကျော် အလုပ်လုပ်နေကြကာ မီးလောင်မှုဖြစ်တော့ အားလုံး ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြပြီး ပေါက်ကွဲမှုဖြစ်တဲ့နေရာနဲ့ အနီးဆုံး အလုပ်သမား ၁၄ ယောက်ကတော့ မီးဟပ်ဒဏ်ရာ၊ အရေပြားလန်တဲ့ ဒဏ်ရာတွေ ရကြတယ်၊ ကယ်ဆယ်ရေးအဖွဲ့တွေက နီးစပ်ရာ ဆေးရုံ ၃ ရုံကို ခွဲပြီး ပို့ဆောင်ပေးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
မီးလောင်ရတဲ့အကြောင်းရင်းမှာ တာယာထုတ်လုပ်တဲ့ မဂ္ဂနီစီယမ်ဆေးရည်ပေါ်ကို မီးပွားတွေ လွင့်ကျရာကစ ပေါက်ကွဲမီးလောင်တာလို့ ကနဦးခန့်မှန်းရပြီး အသေးစိတ်အချက်အလက်နဲ့ ပျက်စီးဆုံးရှုံးမှု တန်ဖိုးတွေကို စစ်ဆေးနေဆဲပဲလို့ တာဝန်ရှိသူက ပြောပါတယ်။
စမွတ်စခွန်းခရိုင် ကထုမ့်ဘဲန်မြို့နယ်ထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ထောင်နဲ့ချီ ဝင်ရောက် လုပ်ကိုင်နေပါတယ်။
Source: Naewna / JoCho News


