
မြန်မာနိုင်ငံဘက်မှာ တိုက်ပွဲတွေဖြစ်ပြီး စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိုင်းနိုင်ငံဘက် ကျရောက်ထိမှန်တာကြောင့် ရွှေ့ပြောင်းမြန်မာ အလုပ်သမားတယောက် သေဆုံးသွားပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ ဖေဖေါ်ဝါရီ ၁၂ ရက်က စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်ဖြစ်ပြီး စစ်ကောင်စီတပ်က လက်ခတ်တောင်စခန်းကုန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးရာမှာ ထိုင်းနိုင်ငံဘက်ကို လက်နက်ကြီးကျည် ၆ လုံး ကျရောက်ခဲ့တာလို့ နယ်စပ်သတင်းရင်းမြစ်က ပြောပါတယ်။
လက်နက်ကြီးကျည်တွေ ထိုင်းနိုင်ငံဘက်ကို ကျူးကျော်ကျရောက်ပေါက်ကွဲရာ နေအိမ်ပေါ်မှာ အိပ်စက်နေတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား အသက် ၂၇ နှစ်အရွယ် မောင်ပိုင်ပိုင်ကို ကျည်စထိမှန် သေဆုံးသွားတယ်လို့ အခန်းအနီးနားမှာနေထိုင်သူက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ထိုင်းတပ်မတော်ဘက်ကနေ အသံဗုံး/ မီးခိုးဗုံး ၂ လုံး ပြန်လည် ပစ်ခတ်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက် မနေ့ကလည်း မြဝတီမြို့တောင်ဘက် ဖလူးကြီးရွာအနောက်ဘက်မှာ ကျူးကျော်ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ခုခံကာကွယ်စစ် ဆင်နွှဲနေလို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။
ဖလူးကြီးရွာအနောက်ဘက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေ အခိုင်အမာလုံခြုံရေးချထားပြီး ကျွန်းတောမှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သလို၊ ဆွယ်တော်ကုန်းအရှေ့ဘက် ၃ လမ်းမှာလည်း အနီးကပ်တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲတွေရဲ့ ရှေ့တန်းမှာ စစ်ကောင်စီတပ်သားနဲ့ အရာရှိဗိုလ်တွေ သေဆုံးမှုများပြားနေတယ်လို့ မြေပြင်သတင်းအရသိရပေမဲ့ အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ မြဝတီမြို့ကနေတဆင့် ဖလူးကြီးရွာမှ ဝေါ်လေမြိုင်အထိ ထိုးစစ်လုပ်သွားမယ်လို့ သတင်းပေါက်ကြားထားတဲ့အတွက် တော်လှန်ရေးတပ်တွေဘက်ကလည်း မိမိနယ်မြေတွေကို ခုခံတိုက်ပွဲဝင်သွားမယ်လို့သိရပါတယ်။


