
ကချင်ပြည်နယ် ဖားကန့်မြို့ တပ်မကုန်းအနီး မြို့ခံတွေအခေါ် ကလပ်ကုန်းပေါ်ကို ဖေဖော်ဝါရီ ၇ ရက် ဒီမနက် ၁၀ နာရီကျော်လောက်က လက်နက်ကြီးတလုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသားတယောက် နဲ့ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒါ့အပြင် မွန်းလွဲ တနာရီလောက်ကလည်း မရှီကထောင်ရပ်ကွက်ရှိ ဒေါ်စော ခေါက်ဆွဲဆိုင်ပေါ်ကို လက်နက်ကြီးကျည်ဆန်တခု ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဆိုင်ကအမျိုးသမီးတယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဖားကန့်မြို့အပါအဝင် မြို့အနီးတဝိုက်မှာ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ် (KIA) တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ရက်ဆက်ဖြစ်နေတာ တပတ်ခန့်ရှိပြီဖြစ်ပါတယ်။
မရှီကထောင်ရပ်ကွက်၊ ဖားကန့်ဗျူဟာကုန်း ပတ်ဝန်းကျင် မြို့မ ကလပ်ကုန်းတို့က နှစ်ဖက်တိုက်ပွဲအတွင်း ကျည်ကျရောက်မှု အများဆုံးနေရာလို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိ ဖားကန့်မြို့ မရှီကထောင်ရပ်ကွက် နောက်ကျော ထုံးဘိုရွာအနီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး မရှီကထောင်ရပ်ကွက်ထဲ လက်နက်ကြီးကျတာတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ မနက်ကလည်း ဖားကန့်မြို့ တပ်မကုန်းအနီး အထက (၁) KG စာသင်ကျောင်းဆောင်ပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ် ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။


