Home
မြန်မာသတင်း
ထားဝယ်မြစ်ဝတွင် ခရီးသည် အမြန်ရေယာဥ် ၁ စီး ပစ်ခတ်ခံရ၊ ၄ ဦးဒဏ်ရာရ
DVB
·
February 4, 2026

တနင်္သာရီတိုင်း၊ သရက်ချာင်းမြို့နယ်၊ ထားဝယ်မြစ်ဝမှာ ခရီသည်တင် အမြန်ရေယာဥ်တစီး ပစ်ခတ်ခံရပြီး လူ ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ခရီးသွားလုပ်ငန်းအသိုက်အဝန်းနဲ့ ခရီးသည်တွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၃ ရက်၊ မနက် ၁၁ နာရီလောက်မှာ  မြိတ်မှ ထားဝယ်ကို တင်ဆောင်လာတဲ့ ခရီးသည် ၁၀ ယောက်ပါ အမြန်ရေယာဥ်ကို လက်နက်ကိုင်အဖွဲ့တခုက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ခရီးသွားလုပ်ငန်းနဲ့နီးစပ်သူတယောက်က “ပစ်ခတ်တဲ့သူတွေက ယူနီဖောင်းမပါဘူး။ အရပ်ဝတ်နဲ့ပါ။ ယာဥ်မှာပါလာတဲ့သူတွေက VIP လည်းမပါ၊ ပုံမှန်သွားလာနေတဲ့ ခရီးသည်တွေပါ” လို့ ပြောပါတယ်။

အဆိုပါပစ်ခတ်မှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးတယောက်အပါအဝင် ခရီးသည် ၄ ယောက် ဒဏ်ရာရှိခဲ့ပြီး ထားဝယ်မြို့ဆေးရုံနဲ့ သရက်ချောင်းမြို့ဆေးရုံတွေကို ပို့ဆောင်လိုက်ရတယ်လို့ ခရီးသည်တွေဆီက သိရပါတယ်။

ဒီကနေ့မနက် ဖေဖော်ဝါရီ ၄ ရက်နေ့မှာတော့ သရက်ချောင်းမြို့မှာရှိတဲ့ လူနာ ၂ ယောက်ထဲက တယောက်သက်သာပြီး တယောက်ကိုတော့ ထားဝယ်ဆေးရုံကြီး ထပ်မံပို့ဆောင်လိုက်ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမြန်ရေယာဥ်မှာလည်း ကျည်ထိမှန်ပြီး စက်ရပ်တန့်သွားခဲ့ကာ နောက်မှ စစ်ကောင်စီတပ်က လာရောက်ခေါ်ယူပြီး သရက်ကျောင်းမြို့နယ်၊ ရှင်ဖြူပြင်ဆိပ်ကမ်းကို ပို့ဆောင်ပေးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တနင်္သာရီတိုင်းမှာ မြိတ်-ထားဝယ်ကားပိုင်းတလျှောက် မကြာခဏတိုက်ပွဲနေတာမို့လို့ ခရီးသည်တွေဟာ ရေကြောင်းကို အဓိထား သွားလာနေကြရပြီး အခုဖြစ်စဉ် ဘယ်လက်နက်ကိုင်အဖွဲ့က ပစ်ခတ်တယ်ဆိုတာတော့ မသိရသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013