Home
မြန်မာသတင်း
ဖားကန့်တွင် လက်နက်ကြီးကြောင့် ကလေး ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ
DVB
·
February 3, 2026

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့ကြား စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဖေဖော်ဝါရီ ၃ ရက်မှာ နှစ်ဖက်တိုက်ပွဲအတွင်း ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်အချို့ အရပ်သားနေအိမ်တွေအပေါ် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ကလေး ၂ ယောက် သေဆုံးကာ ၁၅ ယောက် ထိခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်နေချိန် ဒီနေ့ မနက် ၅ နာရီလောက်မှာ ဖားကန့်မြို့ ဆွတ်ဘွမ် (အမှိုက်ပုံ) ရွာက အရပ်သား နေအိမ်တလုံး လက်နက်ကြီး ထိမှန်ကာ အသက် ၂ နှစ်အရွယ် ကလေးအပါအဝင် မိသားစုဝင် ၃ ယောက် ထိခိုက်ခဲ့ပြီးနောက် မနက် ၁၁ နာရီလောက်မှာ ကာလီချောင်းရွာက နေအိမ်တလုံးကိုလည်း လက်နက်ကြီး ထပ်မံထိမှန်ခဲ့တာကြောင့် အသက် ၇ နှစ်နဲ့ ၁၃ နှစ်အရွယ် ကလေး ၂ ယောက် နေရာမှာတင် သေဆုံးပြီး ၁၂ ယောက် ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တဲ့ လက်နက်ကြီးကျည်ဟာ ဘယ်အဖွဲ့စည်းက ပစ်ခတ်လိုက်တယ် ဆိုတာကိုတော့ ဒေသခံ မသိရှိကြသလို တိုက်ပွဲလည်း ဆက်ပြင်းထန်နေဆဲပဲလို့ ဖားကန့်ဒေသခံတယောက်က DVB ကို ပြောပါတယ်။

“တိုက်ပွဲ အပြင်းအထန်ဖြစ်နေချိန် လက်နက်ကြီး အပြန်အလှန် ထုနေကြတာဆိုတော့ ဘယ်အဖွဲ့ကဆိုတာ မခွဲနိုင်ဘူး။ တိုက်ပွဲတွေက လက်ရှိအချိန်အထိလည်း ပြင်းထန်နေတယ်။ မရှီကထောင်ရပ်ကွက်ရဲ့ နောက်ကျော ထုံးဘိုလမ်းကနေ ဆိပ်မူကို ဦးတည်ပြီး စစ်ကြောင်းထိုးနေတာာကို လက်ရှိအထိ တိုက်ပွဲဖြစ်နေဆဲပဲ။”

လက်နက်ကြီး ထိမှန်ထိခိုက်ခဲ့တဲ့ ဒေသခံ ၁၅ ယောက်ထဲမှာ အသက်မပြည့်သေးတဲ့ ကလေး ၆ ယောက်အထိ ပါဝင်ပြီး ဖားကန့်ဆေးရုံကြီးမှာ ဆေးကုမှုခံယူနေပြီး ဒဏ်ရာပြင်းထန်သူ တချို့ကိုတော့ မြစ်ကြီးနားဘက်ကို ပို့ဆောင်ဖို့ စီစဉ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂ ရက်က မနက် ၁၀ နာလောက်မှာလည်း တိုက်ပွဲအတွင်း ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် စာသင်ကျောင်းကို ထိမှန်ပြီး ကလေးငယ် ၂ ယောက် ထိခိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်ကစပြီး KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ဆိပ်မူရွာကို ဦးတည်စစ်ကြေင်းထိုးလာပြီးနောက် ဒီနေ့အချိန်အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆ ယောက် တော်လှန်ရေးတပ်တွေထံ အလင်းဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013