
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က တပ်သား ၆ ယောက် တော်လှန်ရေးအင်အားစုဆီ အလင်းဝင်လာတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်ဘက်ကနေ ထုံးဘိုကျေးရွာဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီရဲ့ ခမရ ၃၈၁ တပ်ရင်းက ရဲဘော်တယောက် ဖေဖော်ဝါရီ ၂ ရက်မှာ လက်နက်နဲ့အတူ အလင်းဝင်လာခဲ့ပြီး ဒီနေ့မှာလည်း အဲဒီတပ်ရင်းက တပ်သား ၅ ယောက် ထပ်မံ အလင်းဝင်လာတာလို့ ဆိုပါတယ်။
တော်လှန်ရေးအင်အားစုဘက်က သတင်းရင်းမြစ်က “ကျနော်တို့ သွားခေါ်လာခဲ့ပြီး စောင့်ရှောက်ထားပါတယ်။ ဖားကန့်ကိုရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း အလင်းဝင်ကြဖို့ တိုက်တွန်းပါတယ်” လို့ DVB ကို ပြောပါတယ်။
ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက် ဆုတောင်းကုန်းမှာ တပ်စွဲထားတဲ့ ခမရ ၃၈၁ တပ်ရင်းက တပ်ခွဲမှူး ဇာနည်အောင် အပါ တပ်သားတချို့ တိုက်ပွဲမှာ သေဆုံးတယ်လို့လည်း တော်လှန်ရေးအင်အားစုတွေဘက်က ဆိုပါတယ်။
ဒီနေ့မှာလည်း တိုက်ပွဲဆက်ဖြစ်ပြီး မနက် ၅ နာရီဝန်းကျင်က အမှိုက်ပုံရွာ မြိုကုန်းက နေအိမ်တလုံးပေါ် လက်နက်ကြီးကျလို့ ၂ နှစ်အရွယ် ကလေးတယောက် အပါ မိဘနှစ်ယောက်လည်း ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နေ့ကလည်း ဖားကန့်မြို့ပေါ်က စာသင်ကျောင်းပေါ် လက်နက်ကြီးကျတာကြောင့် ကလေး ၂ ယောက် ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။


