
ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ တောင်းကော့ကျေးရွာရပ်ကွက် ၂ မှာ အိမ်ငှားနေကြတဲ့ မြေးအဘွား ၃ ယောက် ဓားနဲ့ထိုး အသတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၉ ရက် မနက်အစောပိုင်းက တောင်းကော့ရွာအပြင်ဘက်မှာ ကလေးခြေထောက် နှစ်ချောင်းပေါ်နေတာကို ရေမဆေးကျောက်ရှာသူအချို့က မြင်တွေ့ခဲ့ရာက ရပ်ရွာလူကြီးတွေ အသိပေးဖော်ချိန် ၃ လောင်းပြိုင်သတ်ပြီး မြေမြှုပ်ခံထားရတာကို တွေ့ရှိခဲ့ရတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “သူတို့ ဘယ်ကနေ ပြောင်းရွေ့လာသူတွေလဲဆိုတာတော့ ခုလိုက်နေကြတယ်။ သက်ဆိုင်ရာက စုံစမ်းနေတာဆိုတော့ အသေးစိတ် မသိရသေးဘူးဗျ” လို့ DVB ကို ပြောပါတယ်။
ဖြစ်စဉ်ဟာ ဇန်နဝါရီ ၈ ရက် ည ၈ နာရီခန့်က ဖြစ်ပွားတာလို့ တာဝန်ရှိသူတွေဘက်က ယူဆထားပြီး ၃ ယောက်လုံးကို ဓားနဲ့ထိုးသတ် အလောင်းဖျောက်ခံထားရတာလို့ ဆိုပါတယ်။
ဓားနဲ့ထိုးသတ်ခံရသူတွေကတော့ အဘွားဖြစ်သူ ဒေါ်နွယ်နွယ်ထား (၄၇) နှစ်၊ မြေး မောင်လေပြည်သွေး (၅) နှစ်နဲ့ မောင်ထက်အောင်ခန့် (၂) နှစ်နဲ့ (၆)လ အရွယ်တို့ ဖြစ်တယ်လို့ သိရပါတယ်။
အဘွားဖြစ်သူရဲ့ သားသမီးတွေ ခရီးလွန်နေသလားဆိုတဲ့ အချက်အလက်ကတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။
လက်ရှိမှာတော့ အမှုကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အုပ်ချုပ်ရေးက စုံစမ်းနေတယ်လို့လည်း သိရပါတယ်။


