
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ယူမာကျေးရွာမှာ ဒီနေ့ ဒီဇင်ဘာ ၅ ရက်နေ့ မနက်က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ရဲတပ်ဖွဲ့ဝင်တယောက် ပစ်ခတ်ခံရပြီး သေဆုံးနေတဲ့ အလောင်းကို တွေ့ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖားကန့် ယူမာကျေးရွာ၊ ရွှေကျောက်ဆောင် စတိုးလ်ဆိုင်အနီးမှာ သေနတ်နဲ့ပစ်ခံထားရတာဖြစ်ပြီး လည်ပင်းကျည်ဖောက်ထွက်ဒဏ်ရာနဲ့ သေဆုံးနေတာကြောင့် အလောင်းကို မိသားစုဝင်တွေက သယ်ဆောင်သွားပြီလို့ ဆိုပါတယ်။
ဖားကန့်ဒေသခံတယောက်က “သူက KIO ရဲဆိုတာ သူ့မိသားစုနဲ့ နီးစပ်တဲ့ တော်လှန်ရေး အသိုင်းအဝန်းကနေ အတည်ပြုချက်ရတာပါဗျ။ ပစ်ခတ်ခံရတာက ညပိုင်းလောက်ကဖြစ်မယ်။ သူ့အလောင်းကို တွေ့ရတာက မနက်ပိုင်းမှ တွေ့ရတာလေ။ သူ့ရဲ့ ဒဏ်ရာအတည်ပြချက်အရ ယာဘက်လည်ပင်းကို အတိုနဲ့ ပစ်ခံထားရတာ” လို့ DVB ကို ပြောပါတယ်။
သေဆုံးသူဟာ ဆိပ်မူကျေးရွာနေ ကိုအောင်သာဖြိုး (ခ) အောင်ဒန်း ဆိုသူဖြစ်ပြီး ဘာကြောင့် ပစ်ခတ်ခံရတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
အဲဒီ ယူမာကျေးရွာဟာ ဖားကန့်-ဆိပ်မူသွား အဓိကလမ်းမကြီးပေါ်မှာရှိတာဖြစ်ပြီး ၂၀၂၄ ခုနှစ်က ဆိပ်မူတိုက်ပွဲမှာ Lucky Men ဟိုတယ်ကနေ ပြန်ဆုတ်လာတဲ့ စစ်ကောင်စီတပ်တွေ ယူမာကျေးရွာ အဲဗား ကုမ္ပဏီမျောခြံထဲ တပ်စွဲနေတာရှိတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “ယူမာမှာက စစ်ကောင်စီရှိတယ်။ ပြည်သူ့စစ်တွေလည်း ထပ်တိုးထားတယ်။ ဆိပ်မူဘက်ကို မတိုးနိုင်သေးလို့ ယူမာမှာပဲရှိနေတာ။ ပြီးတော့ ယူမာကနေ ဖားကန့်ကို ပြန်ဝင်လာရင် လည်း မရှီကထောင်ရပ်ကွက်မှာ ပြည်သူ့စစ်တွေကော၊ ရဲတပ်ရင်း ၃၀ လည်း တပ်စွဲထားတယ်။ အခုဖြစ်သွားတာက ယူမာနဲ့ မရှီကထောင်ရပ်ကွက်ကြားပေါ့။ စစ်ကောင်စီတပ်တွေ ခွထိုင်ထားတဲ့ အရှေ့နဲ့ အနောက်ကြားမှာ ဖြစ်သွားတာ။ ရဲလို့ပဲ သိထားတယ်ဗျ။ ရာထူးတော့ မသိသေးဘူး။ အရာ ရှိတော့ မဖြစ်နိုင်ဘူး။ အရာရှိက ဘယ်သွားသွား ကားနဲ့ နောက်ပါအနည်းဆုံး နှစ်ယောက်သုံးယောက်နဲ့ ရှေ့ပြေး ကင်းထောက်နဲ့သွားတာမျိုးဆိုတော့လေ” လို့ ပြောပါတယ်။
ဖားကန့်မှာ စစ်ကောင်စီဟာ တရက်ခြားတခါ ညဘက်တွေမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ ဒရုန်းတွေနဲ့ ဗုံးကြဲပစ်ခတ်နေပြီး မနေ့ညကလည်း လုံးခင်းမြို့နယ် မှော်စီဆာ ဘုရားကုန်းကနေ ပစ်ခတ်လို့ ကလေးတယောက်ထိမှန်တာကြောင့် ဆေးခန်းကိုပို့ဆောင်ထားရတယ်လို့ သိရပါတယ်။
တော်လှန်ရေးတပ်တွေဘက်ကလည်း ဒရုန်းနဲ့တိုက်ခိုက်တာ၊ မိုင်းဆွဲတိုက်ခိုက်တာတွေရှိပြီး နှစ်ဖက် အပြန်အလှန်တိုက်ပွဲဖြစ်နေတာတွေတော့ မရှိဘူးလို့ ဆိုပါတယ်။


