
စစ်ကောင်စီကို အဓိက တိုက်စစ်ဆင်နေတဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တဖွဲ့ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) နဲ့ စစ်ကောင်စီတို့အကြား တွေ့ဆုံဆွေးနွေးဖို့ရှိနေတယ်လို့ သတင်းတွေထွက်နေပေမဲ့ မဟုတ်မှန်ဘူးလို့ KIO ဘက်က ငြင်းဆိုပါတယ်။
အပစ်ရပ်ဆွေးနွေးဖို့ တရုတ်ကြားဝင်မှုနဲ့ တွေ့ဆုံဖို့ရှိနေတယ်လို့ စစ်ကောင်စီလော်ဘီချန်နယ်တွေမှာ ဖော်ပြနေကြတာဖြစ်ပြီး KIOသတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ငြင်းဆိုခဲ့တာပါ။
"ကျနော်တို့ ဗဟိုဘက်ကလည်း အဲဒီနဲ့ပတ်သက်လို့ ပြောတာမကြားမိဘူး။ ညွှန်ကြားထားတာလည်းမရှိပါဘူး။ ကြားလည်းမကြားမိဘူး။”
လက်ရှိမှာလည်း ကချင်ပြည်နယ် ဗန်းမော်နဲ့ ဖားကန့်တို့မှာ KIAနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေဆက်ရှိနေတာဖြစ်ပါတယ်။
တရုတ်ကြားဝင်မှုနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ စစ်ကောင်စီတို့အကြား အပစ်ရပ်ခဲ့သလို အဲဒီအရင်ကလည်း MNDAA ကိုးကန့်တပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ အပစ်ရပ်ခဲ့တာပါ။
စစ်ကောင်စီဘက်ကတော့ ဆက်ပြီးတော့ တဖွဲ့ချင်းစီကို အပစ်ရပ်ဖို့ ချဉ်းကပ်ကြိုးစားလာမှာပဲလို့ လေ့လာသူတွေက သုံးသပ်ပြောပါတယ်။


