
နောက်ခံလူ ဂါဘရီရယ်ဒဏ်ရာရရှိသွားတာဟာ အသင်းအတွက် ထိုးနှက်ချက်ဖြစ်စေကြောင်း အာဆင်နယ်နည်းပြ အာတေတာက ပြောသွားပါတယ်။
ဘရာဇီးဗဟိုခံစစ်မှူးဟာ နိုဝင်ဘာ ၁၅ ရက်က ဆီနီဂေါအသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ပေါင်ခြံဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အခြေအနေအပေါ်မူတည်ပြီး သီတင်း ၂ ပတ်လောက်ကနေ ၄ ပတ် ၅ ပတ်လောက် အထိ အနားယူရဖို့ရှိနေတာပါ။
ဂါဘရီရယ် သတ္တပတ်များစွာ အနားယူရမှာက အသင်းအတွက် ထိုးနှက်ချက်ဖြစ်စေပြီး သူဟာ အသင်းခံစစ်တန်းရဲ့ ဦးဆောင်သူဖြစ်သလို အသင်းခေါင်းဆောင်လည်းဖြစ်လို့ ကောင်းမွန်တဲ့ အခြေအနေမဟုတ်ကြောင်း နည်းပြအာတေတာက ပြောပါတယ်။
ဒါပေမဲ့ အပေါင်းလက္ခဏာတခုက မိမိတို့အသင်းမှာ အလွန်ကောင်းမွန်တဲ့ ရွေးချယ်စရာတွေ ရှိနေကြောင်း အာတေတာ က ပြောပါတယ်။
နည်းပြအာတေတာအနေနဲ့ ဂါဘရီရယ်ရဲ့နေရာမှာ စပိန်နောက်ခံလူ မော့စ်ကွယ်ရာနဲ့ အီကွေဒေါနောက်ခံလူ အင်ကာပီယာတို့အပြင် ညာနောက်ခံလူ တင်းဘားကိုလည်း အသုံးပြုလို့ ရနေတာ ဖြစ်ပါတယ်။
Photo:Reuters


