Home
မြန်မာသတင်း
ဖားကန့်တွင် အနံ့ဆိုးထွက်စေသည့် အင်ဂျင်ဝိုင်စက်ရုံပိုင်ရှင်နှင့် အစောင့်ကို KIA ထိန်းသိမ်း
DVB
·
February 6, 2026

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ အင်ဂျင်ဝိုင်အနံ့ဆိုး ထွက်စေတဲ့ စက်ရုံပိုင်ရှင်အပါ ၂ ယောက်ကို ကချင်လွတ်လပ်ရေးတပ် (KIA) က ဒီနေ့ ဖေဖော်ဝါရီ ၆ ရက်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ KIA သတင်းအရင်းအမြစ်နဲ့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ညက စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေချိန် ဖားကန့်မြို့ ဆိပ်မူရွာဟောင်းမှာရှိတဲ့ အင်ဂျင်ဝိုင်စက်ရုံကနေ အင်ဂျင်ဝိုင်အဟောင်းတွေကို ဥရုချောင်းထဲ ဖောက်ချလိုက်တာကြောင့် ၁၀ မိုင်ပတ်ချာလည်မှာရှိတဲ့ ဒေသခံတွေ အဲဒီအနံ့ဆိုးကို ရှူရှိုက်ခဲ့ရပြီး အထိတ်တလန့် ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဖားကန့်မှာရှိနေတဲ့ KIA သတင်းအရင်းအမြစ်က “မနေ့က အနံ့ဆိုးက အင်ဂျင်ဝိုင်စက်ရုံက စွန့်ပစ်ပစ္စည်းတွေ ရေထဲကိုမျောလို့ စက်ရုံပိုင်ရှင်နဲ့ အစောင့်ကို ထိန်းသိမ်းထားပါတယ်။ အရေးယူပါမယ်။ ဘယ်လိုအရေးယူမလဲ ဆိုတာကိုတော့ ပြောလို့မရသေးဘူး။ တိုက်ပွဲကလည်း ဖြစ်နေတဲ့အချိန် ဒရုန်းတွေကလည်း ဆိပ်မူကို ဝင်လာတဲ့အချိန်မှာ ဒီအနံ့ဆိုးက ထွက်လာတာကြောင့် ဒေသခံတွေလည်း တော်တော်ထိတ်လန့်သွားစေတာကြောင့်ပါ” လို့ DVB ကို ပြောပါတယ်။

အဲဒီအနံ့ဆိုးဟာ မနေ့က ည ၆ နာရီခွဲဝန်းကျင်လောက်ကနေ စတင်ရရှိတာဖြစ်ပြီး ဒီနေ့အထိလည်း ဆိပ်မူကျေးရွာနဲ့ အနီးက ဆန်းကြွယ်၊ ဖားပြင်၊ မမုံ၊ နမ့်မှော်၊ ဖားကန့်၊ မရှီကထောင် ရပ်ကွက်တွေမှာပါ ပြင်းပြင်းထန်ထန် ခံစားနေရတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “အခုချိန်ထိ အနံ့ဆိုး ရှိနေတုန်းပဲ။ KIA ဘက်က တာဝန်ရှိသူတွေကလည်း အင်ဂျင်ဝိုင်ဟောင်းချက်ရုံက စွန့်ပစ်ပစ္စည်း‌ ဥရုချောင်းထဲ စွန့်ပစ်လို့ဆိုပြီး ပိုင်ရှင်နဲ့ အစောင့်ကို အရေးယူဖို့ ပြင်ဆင်နေတယ် သိရတယ်။ ‌ဆိပ်မူကျေးရွာအုပ်စု တခုလုံးကို တော်တော်ကိုဆိုးတဲ့ အနံ့ကိုရတာ။ ၁၀ မိုင်လောက်ဝေးတဲ့ လုံးခင်းအထိပါ ဒီအနံ့ကရောက်တယ်။ အနံ့ပျောက်ဖို့က ရက်ကြာနိုင်တယ်လို့ သိရတယ်။ ဒီအနံ့ကြောင့် မူးတာတွေ၊ အန်တာတွေ ဖြစ်ကုန်ကြတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ စက်ရုံပိုင်ရှင် ဦးသက်ဇော်အောင်နဲ့ အစောင့်ဖြစ်သူ ဦးအောင်မြင့်လှိုင်တို့ ဖြစ်တယ်လို့ သိရပါတယ်။

ဖားကန့်မြို့မှာ ဒီနေ့လည်း တိုက်ပွဲဆက်ဖြစ်နေပြီး မရှီကထောင်ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင် လက်နက်ကြီးကျပြီး လူထိခိုက်တာရှိသလို မရှီကထောင်နဲ့ ဖားကန့်မြို့ကို ကူးရတဲ့ ကျောက်စိမ်းတောင်တံတားကို စစ်ကောင်စီဘက်က ပိတ်ထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က မရှီကထောင်ဘက်ကို ဝင်ထွက်ခွင့် ပိတ်ထားတာကြောင့် အဲဒီ လက်နက်ကြီးကျတဲ့ဖြစ်စဉ်မှာ လူထိခိုက်သေဆုံးတာကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

မနေ့ညကလည်း မရှီကထောင်ရပ်ကွက်ထဲက သစ်စက်ပေါ်ကို လက်နက်ကြီးကျပြီး သစ်စက်ပိုင်ရှင် အမျိုးသမီးတယောက် ဦးခေါင်းဒဏ်ရာ၊ သင်းအုပ်ဆရာရဲ့ သမီးဖြစ်သူ နံရိုးထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013