ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်မှာ ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက် မနက် ၃ နာရီကျော်က မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၃ လုံး ပျက်စီးဆုံးရှုံခဲ့တယ်လို့ မီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ကန်ကြီးထောင့်မြို့နယ်၊ အပင်နှစ်ဆယ် ကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာမှာရှိတဲ့ နေအိမ်တလုံးကနေ မီးစတင်လောင်ကျွမ်းခဲ့ပြီး အနီးရှိ တခြားအိမ်တွေပါ ထပ်မံကူးစက် လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။
မီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူက “နေအိမ်က မီးကြွင်းမီးကျန်ကနေ မီးလောင်မှု စတင်ဖြစ်တာလို့ သိရပါတယ်။ မီးလောင်မှုက အားကောင်းပြီး တခြားအိမ်တွေကို မီးကူးပြီး လောင်သွားတာ” လို့ ပြောပါတယ်။
ကန်ကြီးထောင့်မြို့နယ်မှာ မီးလောင်မှုကို ပုသိမ်ခရိုင် မီးသတ်စခန်းက မီးသတ်ယာဉ်တစီး၊ ကန်ကြီးထောင့်မြို့နယ် မီးသတ်စခန်းက မီးသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ်တစီးနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေ ပူးပေါင်း ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပြီး မီးလောင်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ စတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ပိုင်ရှင်ကို ရဲတပ်ဖွဲ့က စစ်ဆေးအရေးယူထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်း၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက် မြောက်အုပ်စု၊ ကွမ်းခြံကုန်းကျေးရွာမှာ ဖေဖော်ဝါရီ ၁၈ ရက် နေ့လယ် ၁ နာရီ မိနစ် ၂၀ လောက်က မီးလောင်မှု ဖြစ်ပွားပြီး နေအိမ်တလုံး မီးလောင်ဆုံးရှုံးခဲ့သေးတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
အင်္ဂပူမြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာ လမ်းဆုံမှာရှိတဲ့ ဦးတင်ဇော် နေအိမ်မှာ ဆိုလာပြားနဲ့ ဘက်ထရီ အားသွင်းထားရင်း အားသွင်းကြိုး အပူလွန်ကဲရာကတဆင့် မီးလောင်မှု စတင်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
မီးငြှိမ်းသတ်ရာမှာ ပါဝင်တဲ့ ဒေသခံက “မီးလောင်မှုကို အချိန်မီထိန်းနိုင်တာကြောင့် ဆင့်ပွားမီးလောင်တာ မရှိတာ။ ဈေးဆိုင်ခန်းတော့ မီးလောင်ဆုံးရှုံးသွားတယ်။ လူတွေတော့ ထိခိုက်သေဆုံးတာ မရှိပါဘူး” လို့ ပြောပါတယ်။
အင်္ဂပူက မီးလောင်မှုကြောင့် မီးစတင်လောင်ကျွမ်းခဲ့တဲ့ ဦးတင်ဇော်ရဲ့ ၁၅ × ၂၀ ပေ သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်းနေအိမ်ဈေးဆိုင် ပျက်စီးဆုံးရှုံးခဲ့ပြီး လူနဲ့ တိရစ္ဆာန် ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
ဧရာဝတီတိုင်းမှာ အခြေပြု ဆောင်ရွက်နေတဲ့ ကူညီကယ်ကယ်ရေးအဖွဲ့ဝင် တယောက်က “ဧရာဝတီတိုင်းမှာ မီးလောင်မှုတွေ ရက်ဆက်ဖြစ်ပွားနေတယ်။ ပြည်သူတွေ မီးသုံးစွဲရာမှာ ပိုမို သတိထား အသုံးပြုကြဖို့ အကြံပြု ပြောချင်တယ်။ ပူပြင်းတဲ့ရာသီဘက် ကူးလာပြီ” လို့ ပြောပါတယ်။
အဲဒီမီးလောင်မှုကို အင်္ဂပူမြို့နယ်၊ ကွင်းကောက်နယ် မြေမီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၄ ယောက်၊ မီးငြှိမ်းသတ်ယာဉ်တစီး၊ ကွင်းကောက် အရန်မီးသတ်စခန်းက အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀ ယောက်၊ မီးသတ်ရေသယ်ယာဉ်တစီးနဲ့ ဒေသခံတွေက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ နေ့လယ် ၁ နာရီခွဲမှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကညင်ကောက်ကြီးကျေးရွာအုပ်စု၊ ရွာသစ်ကုန်း ကျေးရွာမှာ ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားပြီး လူနေအိမ် ၂ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်း၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ လက်ပံပင်ကျေးရွာအုပ်စု၊ လက်ပံပင် ကျေးရွာမှာ ဖေဖော်ဝါရီ ၁၃ ရက်၊ ညနေ ၆ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၆ လုံးနဲ့ အိမ်စီးကားတစီး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။








