
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀၊ ၂၂ လမ်းနဲ့ ၂၃ လမ်းကြား ရေစစ်ကန်အနီးရှိ Sky Villa ကွန်ဒိုဝင်းအတွင်း ငလျင်ကြောင့် ပိမိနေတဲ့ကားတွေ ဖေဖော်ဝါရီ ၂၁ ရက် ဒီကနေ့ နေ့လယ် ၁ နာရီ၊ မိနစ် ၅၀ လောက်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
ဒေသခံတယောက်က "မီးခိုးတွေမှ အများကြီးထွက်နေတာ။ ဘယ်နေရာမှာမီးလောင်တာလဲပေါ့။ နောက်တော့ Sky Villa ကွန်ဒိုဝင်းထဲက ငလျင်ပိကားတွေမီးလောင်တာဖြစ်နေတာ။ အဲဒီနေရာက သေချာမရှင်းရသေးဘူး။ ရာသီဥတုကလည်းတအားပူတော့ အပူလွန်ကဲပြီးလောင်တာဖြစ်နိုင်တယ်" လို့ ပြောပါတယ်။
ပျက်စီးနေတဲ့ ကားအဟောင်းတွေကို ရှင်းလင်းရေးလုပ်ဆောင်နေစဉ် EV ကားတစီး လျှပ်စစ်ရှော့ဖြစ်ပွားကာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ပုံထားသည့် ကားအရေအတွက်မှာ ၃၀ ဝန်းကျင်ရှိနိုင်တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အဆိုပါ မီးလောင်ပြင်နေရာကို အောင်မြေသာစံမြို့နယ် မီးသတ်တပ်ဖွဲ့က မီးငြှိမ်းသတ်ယာဉ် ၅ စီးနဲ့ ရေအထိုင်ကား ၂ စီး အသုံးပြုပြီး မီးငြှိမ်းသတ်ခဲ့ကာ နေ့လယ် ၂ နာရီ၊ မိနစ် ၂၀ လောက်မှာ မီးကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။


