
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ မတ် ၄ ရက် မွန်းလွဲ ၁၂ နာရီဝန်းကျင်က ပေါ့ဆမီးကြောင့် လူနေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “ကျနော်တို့ ဂန့်ဂေါမြို့နယ်ထဲမှာရှိတဲ့ ရှုံးရှီရွာမှာ မီးလောင်မှုဖြစ်ခဲ့ပြီး လူနေအိမ် ၂ လုံး မီးလောင်ပျက်စီးသွားပါတယ်” လို့ ပြောပါတယ်။
မီးလောင်ကျွမ်းခံရတဲ့ လူနေအိမ်တွေဟာ ရှုံးရှီကျေးရွာတောင်ပိုင်းမှာ တည်ရှိပြီး ပေါ့ဆမီးဖြစ်တယ်လို့ ဆိုပါတယ်။
ယောအလင်းတန်းအဖွဲ့ တာဝန်ရှိသူက “နေ့လယ် ထမင်းဟင်းချက်နေရင်းကနေ မီးပေါ့ဆခဲ့လို့ ဘေးအကာတွေကိုကူးပြီး မီးလောင်မှု ဖြစ်ခဲ့တာလို့ သိရပါတယ်။ ရွာခံတွေ အချိန်မီ ဝိုင်းဝန်းငြှိမ်းသတ်နိုင်ခဲ့တာကြောင့် နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။ မီးလောင်မှုထဲမှာ လူထိခိုက်ဒဏ်ရာရရှိမှု ရှိ၊ မရှိကိုတော့ အတည်မပြုနိုင်သေးပါဘူး” လို့ ပြောပါတယ်။
ပြည်သူတွေအနေနဲ့လည်း အလားတူ မီးလောင်မှုဖြစ်စဥ်တွေ ထပ်မံဖြစ်ပွားမှုမရှိအောင် အထူးဂရုပြုကြဖို့ တိုက်တွန်းလိုတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ပူပြင်းခြောက်သွေ့တဲ့ ပွင့်လင်းရာသီကို ရောက်ရှိလာပြီဖြစ်လို့ ဂန့်ဂေါမြို့နယ်အတွင်းက ပြည်သူတွေအနေနဲ့ မီးဘေးကြိုတင်ကာကွယ်ရေး အစီအမံတွေကို ကြိုတင်ပြုလုပ်ထားကြဖို့နဲ့ မီးမပေါ့ဆကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ဂန့်ဂေါမြို့နယ် မီးဘေးလုံခြုံရေးအဖွဲ့က ကြိုတင်သတိပေး ထုတ်ပြန်ထားပါတယ်။


