
ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်၊ ကျောင်းကုန်းရွာနဲ့ ရေတွင်းကုန်းရွာတွေကို စစ်တပ်က ဝင်စီးပြီး ကျောင်းကုန်းရွာသား အယောက် ၃၀ ဝန်းကျင်ကို သတ်ဖြတ်လိုက်တယ်လို့ ဒေသတွင်းတော်လှန်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
မတ် ၅ ရက် မနက်အစောပိုင်းက အင်အား ၃၀၀ လောက်ရှိတဲ့ စစ်ကြောင်းက ရွာတွေထဲ ဝင်ရောက်ပြီး ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်လိုက်တာလို့ ဆိုပါတယ်။
ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က “လက်ရှိ ဖမ်းထားတဲ့ရွာသားတွေရှိတယ်။ ဖမ်းထားတဲ့ ရွာသားတွေကို ရေတွင်းကုန်းက စာသင်ကျောင်းထဲမှာ ဖမ်းထားတယ်။ ဖမ်းထားပြီး ဓားစာခံ လုပ်ထားတယ်။ ကျောင်းကုန်းထဲက ရွာသားတွေကိုကျတော့ သူတို့ ဝင်ပြီးတော့ဖမ်းတယ်။ ဖမ်းပြီးတော့ နေ့လယ်လောက်ကျမှ နေပူထဲမှာလှန်း။ လှန်းပြီးတော့ ရိုက်နှက်နှိပ်စက်ပြီး သတ်လိုက်တာ” လို့ DVB ကိုပြောပါတယ်။
သေဆုံးသူတွေထဲမှာ ကိုယ်ဝန်ဆောင်သည်တွေနဲ့ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေအများစု ပါဝင်တယ်လို့ ဒေသခံတွေနဲ့နီးစပ်သူ တယောက်က ပြောပါတယ်။
ဒါအပြင် အဲဒီရွာတွေက ဒေသခံ ရွာသား ၁၅၀ ဝန်းကျင်ကို ရေတွင်းကုန်းရွာစာသင်ကျောင်းထဲမှာ ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာလည်း စစ်တပ်က ရေတွင်းကုန်းရွာနဲ့ ကျောင်းကုန်းရွာတွေမှာတပ်စွဲထားဆဲဖြစ်ပြီး သေဆုံးထိခိုက်တဲ့ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ရွာသားတွေကို သတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ် သတင်းနဲ့ပြန်ကြားရေးကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။
အဲဒီရေတွင်းကုန်းရွာနဲ့ ကျောင်းကုန်းရွာတွေဟာ စစ်တောင်းမြစ်ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ ရွာတွေ ဖြစ်ပြီး အဲဒီရွာတွေအပါအဝင် ပတ်ဝန်းကျင်က ကျေးရွာတချို့ကို တော်လှန်ရေးတပ်တွေက ၂၀၂၃ ခုနှစ်ကတည်းက စိုးမိုးထားတာ ဖြစ်ပါတယ်။


