မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ မတ် ၄ ရက်က စစ်ကောင်စီစစ်ကြောင်း ဝင်ရောက် မီးရှို့ခဲ့တာ ကြောင့် လူနေအိမ် ၃၀ ကျော် မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြိုင်ဒေါင်းမင်းအဖွဲ့ တာဝန်ရှိသူတယောက်က “အဲဒီနေ့ မနက် ၇ နာရီလောက်မှာ ညောင်ဂျစ်ပင် ပျူရွာကနေ အင်အား ၁၅၀ လောက်ပါတဲ့ စစ်ကြောင်းက ရေလာကြီးရွာကို ဝင်ပြီး မီးရှို့သွားတာ၊ အိမ်အလုံး ၃၀ ကျော်လောက် မီးလောင်ပျက်စီးသွားပါတယ်” လို့ ပြောပါတယ်။
ပခုက္ကူမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ ရေလာကြီးကျေးရွာကို မီးရှို့ဖျက်ဆီးသွားကြတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မတ် ၄ ရက် မွန်းလွဲ ၁၂ နာရီဝန်းကျင်မှာတော့ ညောင်ဂျစ်ပင် ပျူစောထီး ကျေးရွာထဲကို ပြန်လည်ဝင်ရောက်သွားကြတယ်လို့လည်း ဆိုပါတယ်။
ပခုက္ကူမြို့နယ် ပကဖပြန်ကြားရေးတာဝန်ခံက “ရေလာကြီးရွာမှာ ခန့်မှန်းအိမ်ခြေ ၃၀၀ ဝန်းကျင် လောက်ရှိပြီး ရွာခံတွေကတော့ ၁,၀၀၀ နီးပါး ရှိပါတယ်။ အဲဒီရွာခံတွေကတော့ စစ်ကြောင်း ဝင်လာတာ ကြိုသိလို့ ထွက်ပြေးရတယ်။ အဲဒီ ရေလာကြီးရွာက ပျူရွာဖြစ်တဲ့ ညောင်ဂျစ်ပင်နဲ့လည်း နီးနေတော့ စစ်ကြောင်း ခဏခဏဝင်ပြီး မီးရှို့ဖျက်ဆီးခံနေရတဲ့ရွာလည်း ဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။
ရေလာကြီးကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူနေအိမ်တွေကို အကြောင်းမဲ့ ဝင်ရောက် မီးရှို့ဖျက်ဆီးသွားခဲ့ကြတာဖြစ်သလို စစ်တပ်က အာဏာသိမ်း ပြီးနောက်ပိုင်း အဆိုပါ ရေလာကြီးကျေးရွာဟာ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှု ၃ ကြိမ်ထက် မနည်း ခံခဲ့ရတယ်လို့လည်း သူက ဆက်ပြောပါတယ်။
အခုရက်ပိုင်းမှာ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ထဲကနေ ကပစ ၂၄ ကို ရိက္ခာပို့မဲ့ ယာဥ်တန်းတွေ ပြင်ဆင်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းနဲ့ လေကြောင်းရန် အန္တရာယ်တွေကို သတိပြုနေထိုင်ကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။









