
ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ရေးမတည်ငြိမ်မှုတွေကြောင့် တက္ကသိုလ်ဝင်တန်း ဖြေဆိုမဲ့ ကျောင်းသူ ကျောင်းသားတွေ ဖားကန့်မြို့နယ်ခွဲ ကာမိုင်းမြို့ဘက် ပြောင်းရွှေ့ဖြေဆိုနေရပါတယ်။
ဖားကန့်ဒေသ စစ်ရေးမတည်ငြိမ်မှုတွေကြောင့် ဖားကန့်မှာကျင်းပရမဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကာမိုင်းမြို့မှာပြုလုပ်ဖို့ စစ်ကောက်စီလက်အောက်ခံ ပညာရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ဖားကန့်ဒေသက တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ကာမိုင်းမြို့မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို သွားရောက်ဖြေဆိုဖို့ ငွေကြေးသိန်းဂဏန်း ကုန်ကျရှိနေတယ်လို့ ဖားကန့်ဒေသခံတယောက်က ပြောပါတယ်။
“တချို့ ၄ သိန်း၊ တချို့ ၆ သိန်း ထည့်ရတယ်လို့ သိရတယ်။ ဘယ်လို ပုံစံနဲ့ ဘယ်လို ကောက်လဲတော့ မသိဘူး။ ကိုယ်ပိုင်ကျောင်းတွေက ၁၀ သိန်းလောက် ပေးရတယ်လည်း ကြားတယ်။ စာမေးပွဲရက်မတိုင်ခင် တပတ်အလို ကြိုသွားကြတာ။ ဖားကန့်မှာက နေ့တိုင်း တဒုန်းဒုန်းချနေတော့ ဟိုတခါကလည်း ဖားကန့် အထက လက်နက်ကြီးကျတယ်လေ။ ကာမိုင်း ဆင်းဖြေရမယ်။ ကျောင်းသားအရေအတွက်တော့ အတိအကျမသိဘူးဗျ။ ကျောင်းသားတွေရော၊ ဆရာတွေရော၊ မိဘတွေရော အားလုံး ၇၀၀ ကျော် ရှိမယ်ထင်တယ်။ ၂ ရက်နေ့က ကာမိုင်းရောက်နေကြပြီ။”
စစ်ကောင်စီဝါဒဖြန့်ရဲ့ သတင်းဌာနတွေကတော့ ကာမိုင်းမှာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမဲ့ ကျောင်းသား၊ မိဘတွေအတွက် လမ်းစရိတ်ထောက်ပံ့ကြေး ကျပ်သိန်း ၁,၀၀၀ နဲ့ ဆန်အိတ် ၄၀၊ ဆီ ၂ ပုံး ထောက်ပံ့ကြောင်း ဖော်ပြပါတယ်။
၂၀၂၆ ခုနှစ်ရဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို လာမဲ့ မတ် ၁၁ ရက်နေ့ စတင်ဖြေဆိုကြရမှာဖြစ်ပြီး စာမေးပွဲအတွက် ပြင်ဆင်ဖို့ ကာမိုင်းကို တပတ်ကြိုတင်ဆင်းကြတာဖြစ်ပြီးတော့ ကျောင်းသားမိဘအချို့ လိုက်ပါသွားတာလည်း ရှိတယ်လို့ သိရပါတယ်။
ဖားကန့်မြို့ပေါ်ရပ်ကွက် မရှီကထောင်ရပ်ကွက် အနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KIA/KPDF ပူးပေါင်းတပ်တို့ နေ့စဉ်နီးပါးဆိုသလို လက်နက်ကြီး အပြန်အလှန်ပစ်ခတ်မှုတွေရှိနေပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပြင် လူနေရပ်ကွက်နဲ့ အနီးဝန်းကျင်တွေမှာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲပြီး လူထိခိုက်သေဆုံးတာတွေလည်း ရှိနေပါတယ်။
ဒေသခံတယောက်က “မရှီကထောင်အနီးတစ်ဝှိုက်မှာ တိုက်ပွဲတွေ ဆက်ရှိနေတယ်။ လက်နက်ကြီး ပစ်ခတ်သံတွေလည်း တောက်လျှောက် ကြားရတယ်။ မရှီကထောင် ဆုတောင်းကုန်းနဲ့ စကစတွေရှိတဲ့ ရခိုင်ကုန်းက လက်နက်ကြီး လက်နက်ငယ်သံတွေ ၃ ရက်နေ့က ပြန်ကြားရတာ။ ၄ ရက်နေ့က မြို့မ ကလပ်ကုန်းလမ်းကြား လက်နက်ကြီးကျလို့ ၇၀ကျော် အဘွားတယောက်နဲ့ ၁၅ နှစ် မိန်းကလေး ထိခိုက်ဒဏ်ရာရတယ်။ တိုက်ပွဲကတော့ ဆက်ဖြစ်နေဆဲပဲ” လို့ ပြောပါတယ်။
ရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်း ဇန်နဝါရီ ၃၀ ရက်က စပြီးတော့ ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာအနီး ယူမာနဲ့ မရှီကထောင်ကြားမှာ စစ်ကောင်စီတပ်နဲ့ KIA/KPDF ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး နေ့စဉ်နီးပါးဆိုသလို လက်နက်ကြီးနဲ့ အပြန်အလှန် ပစ်ခတ်နေကြတာပါ။
ဟန်န


