
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ မနေ့ မတ် ၃ ရက်ကစလို့ တိုက်ပွဲပြန်ဖြစ်နေပြီး လက်နက်ကြီးကျတာကြောင့် အရပ်သား ထိခိုက်တာတွေ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့က တပ်မကုန်းနဲ့ ဆန်းကြွယ်ဘုရားကုန်းကနေ စစ်ကောင်စီဘက်က ရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်သလို ဒီနေ့ နေ့လယ် ၁ နာရီဝန်းကျင်မှာလည်း ထပ်ပစ်လို့ ကလပ်ကုန်းလမ်းကြား လက်နက်ကြီးကျပြီး အသက် ၇၀ ကျော် အဘွား ဒေါ်ဂျာဖာလုနဲ့ အသက် ၁၅ နှစ်ဝန်းကျင် မိန်းကလေးတယောက်တို့ ဒဏ်ရာရတယ်လို့ သိရပါတယ်။
ဖားကန့်ဒေသခံတယောက်က “မရှီကထောင်ရပ်ကွက် နောက်ကျော ဆုတောင်းကုန်းနဲ့ စစ်ကောင်စီ တပ်စွဲထားတဲ့ ရခိုင်ကုန်းမှာ တိုက်ပွဲဖြစ်နေတာ။ ရွာတွေထဲလည်း လက်နက်ကြီးကျလို့ အရပ်သားတွေ ဒဏ်ရာရတယ်” လို့ DVB ကို ပြောပါတယ်။
ဖားကန့်မြို့မှာ တိုက်ပွဲတွေ ငြိမ်သက်ခဲ့တာ ကြာပြီဖြစ်ပေမဲ့ တိုက်ပွဲပြန်ဖြစ်လာလို့ အရပ်သားတွေ သတိပြုနေထိုင်ကြဖို့ တော်လှန်ရေးအဖွဲ့တွေဘက်က အသိပေးထားပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ ဖားကန့်မြို့မှာ စက်သုံးဆီပြတ်သွားလို့ ဆိုင်တချို့ကိုလည်း ပိတ်ထားရတယ်လို့ သိရပါတယ်။


