Home
မြန်မာသတင်း
မိုးကုတ်တွင် စစ်တပ်အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်နိုင်ပြီလား
DVB
·
March 5, 2026

မန္တလေးတိုင်း၊ မိုးကုတ်အနောက်ပိုင်း မြို့ပြင်ကရွာတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး မြို့အရှေ့ပိုင်းမှာတော့ စစ်တပ်က Non-CDM ဝန်ထမ်းတွေကို ခေါ်သွင်းထားပြီး အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းနေရဆဲပါ။

မိုးကုတ်မြို့အနောက်ခြမ်း၊ ကျပ်ပြင်မြို့ပြင်မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ မကြာခဏ တိုက်ပွဲဆက်ဖြစ်နေပြီး အခုရက်ပိုင်း လေယာဉ်လာတဲ့ အကြိမ်ရေများလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အဓိကအနေနဲ့ ပင့်ကူတောင်အနောက်ခြမ်း၊ ဘော်မားနဲ့ ကျောက်ဆင်ဝန်းကျင်တွေမှာ တိုက်ပွဲတွေ ဖြစ်လေ့ရှိတဲ့အကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မိုးကုတ်ဒေသခံတယောက်က “အခုနောက်ပိုင်းဖြစ်တဲ့ပုံစံက အကြာကြီးမဟုတ်ဘူး။ ခဏခဏ ဝုန်းဝုန်းဝုန်း မနက်ပိုင်းဖြစ်လိုက်၊ ပြီးသွားရင် ပြီးသွားပြီ။ ကျနော်တို့ တခြားနေရာတွေလို တကယ် သဲကြီးမဲကြီး၊ အရင်တုန်းကလို မြို့သိမ်းတိုက်ပွဲတုန်းကလို ရက်တွေအကြာကြီး အဲလိုမျိုးမဟုတ်ဘူး။ အဲဒီဘော်မားနားတကြောပေါ့။ ဘော်မားဆိုတာ ဒီလိုဗျ၊ အနောက်ပိုင်းကနေ ပြောင်ခေါင်းကို သွားရင် အဲဒီဘော်မားတို့၊ ကျောက်ဆင်တို့ ဖြတ်တက်ရတာ။ ကျပ်ပြင်ဘက်အခြမ်းက ဖြစ်တယ်၊ နောက်ပြီးတော့ ဒီဘက်က (အရှေ့ပိုင်း) ရှမ်းကုန်းစံတို့ဘာတို့က ပြီးခဲ့တဲ့ နေဦးဗျ၊ ၂ ပတ်လောက်က ချောင်းကြီးတို့ ဘာတို့ပေါ့နော်၊ အဲအထိက သူတို့ (စစ်တပ်) ထိုင်ထားပြီလို့ ပြောတယ်” လို့ ပြောပါတယ်။ 

တိုက်ပွဲတွေဖြစ်လေ့ရှိပေမဲ့ ခရီးသည်တင်နဲ့ ကုန်ကားတွေ အသွားအလာမပျက်ရှိနေပြီး မိုးကုတ်အရှေ့ပိုင်းမှာ နေထိုင်ကြတဲ့ မြို့ခံအတော်များများလည်း နေရပ်ပြန်ရောက်နေကြပြီလို့ ဆိုပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို စစ်တပ်ဆီ ပြန်ပေးအပြီး ၂၀၂၅ အောက်တိုဘာမှာ စစ်ကြောင်းတွေ ဝင်ရောက်လာပြီးတဲ့နောက် Non-CDM ဝန်ထမ်းတွေကိုပါ ခေါ်သွင်းလာပြီး ၄ လကျော်တဲ့အထိ အုပ်ချုပ်ရေးယန္တရားဖော်ဆောင်ဖို့ ကြိုးပမ်းနေတုန်းပါ။

ဒီလိုအချိန်မှာပဲ မိုးကုတ်ဗျူဟာကုန်းနားမှာရှိတဲ့ အုန်းကိုင်းရွာက ရပ်ကွက်လူကြီးတယောက်က သူ့ရွာမှာရှိ တဲ့လူငယ်တွေကို စာရင်းပြုစုနေတဲ့နောက်ပိုင်း မိုးကုတ်မှာ စစ်မှုထမ်း ကောက်လာတော့မလား ဆိုတဲ့ စိုးရီမ်ချက်တွေလည်း ဖြစ်ပေါ်လာနေပါတယ်။

မိုးကုတ်မြို့ခံအမျိုးသားတယောက်က “ဒီရက်ပိုင်း လေယာဉ်ပျံတွေ အရမ်းလာတယ်။ စစ်မှုထမ်းနဲ့ ပတ်သက်ပြီးတော့ သတင်းက ကြားတာပဲရှိတာဗျ။ ဘယ်ရပ်ကွက် ဘယ်နေရာမှာ ခေါ်နေပါတယ် ဆိုတာမျိုးက ၁၀၀ ရာခိုင်နှုန်းမှန်ကန်တာတော့ မဟုတ်ဘူးပေါ့နော်။ မြို့ကို ပြန်ပေးထားတယ်ပေါ့နော်။ အဲဒီပေးထားပြီးတည်းကနေ ယနေ့အချိန်ထိပေါ့ မြို့အုပ်ချုပ်ရေးယန္တရား ကောင်းကောင်းလည်ပတ်လို့ မရသေးဘူး။ ပုံမှန်အခြေအနေမျိုး ပြန်ရောက်နေတာ မဟုတ်သေးဘူးဆိုတော့ စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီး အတည်ပြုပေးဖို့ကျတော့ ခဲယဉ်းနေတယ်”လို့ ပြောပါတယ်။

စစ်တပ်က အုပ်ချုပ်ရေးယန္တရား မဖော်ဆောင်နိုင်သေးတဲ့အထဲ ကျေးရွာတွေလည်း ပါဝင်နေပါတယ်။  ဒါပေမဲ့ မိုးကုတ်အရှေ့ခြမ်း ဆေးရုံဝင်းထဲမှာတော့ လ.ဝ.က ရုံးတခု ယာယီဖွင့်ထားပြီး မှတ်ပုံတင် ပြုလုပ်ပေးနေကာ လူ ၁ ယောက်ကို သိန်းဂဏန်းပေးရပေမဲ့ လာလျှောက်သူ များနေတယ်လို့ သိရပါတယ်။

တဖက်မှာလည်း စက်သုံးဆီ ပြတ်လပ်တဲ့အထဲ မိုးကုတ်ဒေသ ပါဝင်လာပြီး ဆိုင်တချို့ ပိတ်ထားကြသလို ဆီဈေးကလည်း အရင်ကထက် ၂ ဆကျော် မြင့်တက်လာလို့ ကုန်ဈေးနှုန်း ထပ်တက်လာမှာကို စိုးရိမ်နေကြကြောင်း မြို့ခံတွေက ပြောပါတယ်။ 

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013