
ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ခရိုင်၊ မဲ့အိုင်းမြို့နယ်ထဲမှာ မတ် ၄ ရက် ညနေပိုင်းက မူးယစ်ဆေး မှောင်ခိုအဖွဲ့နဲ့ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်မှုဖြစ်ပြီး မူးယစ်သယ်အဖွဲ့က ၄ ယောက် သေဆုံးကာ စိတ်ကြွဆေးပြား ၆ သိန်းနဲ့ လက်နက်တချို့ သိမ်းဆည်းရမိတယ်လို့ မယ်ဆိုင်ပရက်စ် သတင်းမှာ ဖော်ပြပါတယ်။
မတ် ၄ ရက် ညနေ ၆ နာရီလောက်က အမှတ် ၃၃ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ ထိုင်းစစ်တပ် ပြောက်ကျားတပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့ဝင်တို့ပါတဲ့ ပူးပေါင်းအဖွဲ့ဟာ မဲ့အိုင်းမြို့နယ် မဲ့အိုင်းအုပ်စုရှိ တောင်ပေါ်လမ်းမှာ ကင်းလှည့်စောင့်ကြပ်စဉ် ၅ ယောက်ကနေ ၁၀ ယောက်ထိပါတဲ့ လူတစုဟာ အထုတ်တွေနဲ့ မြန်မာနယ်စပ်ဘက်ကနေ ထိုင်းနယ်စပ်ဘက်ကို ဝင်ရောက်လာတယ်၊ တာဝန်ရှိသူတွေက ရပ်မိန့်ပေးရာမှာ တဘက်က မရပ်တဲ့အပြင် သေနတ်နဲ့ ပြန်ပစ်တာကြောင့် နှစ်ဘက် ၅ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်ကြတယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
ပစ်ခတ်သံတွေ ငြိမ်သက်သွားတော့ နယ်မြေရှင်းလင်းရေးလုပ်ပြီး စစ်ဆေးတာမှာ သေနတ်ထိမှန်ရာနဲ့ သေဆုံးနေတဲ့ အလောင်း ၄ လောင်း၊ ပြောင်းရှည်သေနတ် ၁ လက်၊ ဗုံးသီး တလုံး ၊ ၇ ဒသမ ၆၂ မမ ကျည်ဆန်အချို့နဲ့ ကျောပိုးအိတ်အသွင်ပြောင်း အိတ် ၆ လုံးတို့ကို သိမ်းဆည်းရမိတယ်လို့လည်း ပြောပါတယ်။
အဆိုပါအိတ်တွေထဲမှာ Y1 အမှတ်တံဆိပ် စိတ်ကြွဆေးတွေပါရှိပြီး အိတ် တလုံးလျှင် စိတ်ကြွဆေး တသိန်းပါဝင်တာကြောင့် စုစုပေါင်းစိတ်ကြွဆေးပြား ၆၀၀,၀၀၀ ကို ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။
မဲ့အိုင်းမြို့နယ်ထဲမှာပဲ မတ် ၅ ရက်မှာလည်း မူးယစ်ဆေးသယ်ဆောင်အဖွဲ့နဲ့ ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင် တွေ ထပ်မံပစ်ခတ်မှု ဖြစ်ပွါးခဲ့တယ်။
မတ် ၅ ရက် ညနေ ၄ နာရီလောက်က နယ်ခြားစောင့်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မဲ့အိုင်းမြို့နယ် ထာ့ဒွန်းအုပ်စု ဘန့်အိုကိုကျေးရွာအနီး တောထဲမှာ ကင်းလှည့်စစ်ဆေးစဉ် သံသယရှိတဲ့ လူ ၁၀ ယောက်လောက် အထုတ်တွေနဲ့ ဝင်ရောက်လာတယ်၊ စစ်ဆေးဖို့ ရပ်မိန့်ပေးရာ တဘက်က သေနတ်နဲ့ ပြန်ပစ်လို့ ၁၀ မိနစ်ခန့်အကြာ အပြန်အလှန်ပစ် ခတ်ခဲ့ကြပါတယ်။
သေနတ်သံတွေ ငြိမ်သွားလို့ နယ်မြေရှင်းလင်းရာမှာတော့ ကျောပိုးအိတ် ၈ လုံးတွေ့ရှိပြီး အထဲမှာ ဘိန်းစိမ်းတွေ ထည့်ထားတယ်၊ စုစုပေါင်း ဘိန်းစိမ်း ၁၀၂ ဒသမ ၄ ကီလိုဂရမ် သိမ်းဆည်းရမိတယ်၊ ဒီပစ်ခတ်မှုမှာတော့ သေဆုံးဒဏ်ရာရသူ မတွေ့ဘူးလို့ တာဝန်ရှိသူက ပြောပါတယ်။
မတ် ၄ ရက်ကတော့ မြန်မာနယ်စပ် ချင်းရိုင်းခရိုင်၊ မယ်ဖာ့လုံမြို့နယ်ထဲမှာ ပိုင်ရှင်မဲ့ အိုက်စ်မူးယစ်ဆေး ကီလိုပေါင်း ၆၀၀ ကို ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီနေ့ ည ၇ နာရီ ၁၅ မိနစ်လောက်က နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မယ်ဖာ့လုံမြို့နယ်၊ မယ်ဖာ့လုံအုပ်စု၊ ဘန့်လိဆေးရွာအနီး လမ်းပေါ်မှာ စောင့်ကြပ်စစ်ဆေးစဉ် အနက်ရောင် ကားတစီး နယ်စပ်ဘက်ကနေ မောင်းဝင်လာတယ်၊ စစ်ဆေးရေးဂိတ်မှာ အစစ်မခံဘဲ အရှိန်မြှင်မောင်းနှင် ထွက်ပြေးသွားပါတယ်လို့ဆိုပါတယ်။
တာဝန်ရှိသူတွေက အနောက်က ကားနဲ့လိုက်သွားသလို ရှေ့ဂိတ်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေဆီလည်း အဆိုပါ ကားကိုစောင့်ဖမ်းဖို့ အကြောင်းကြားခဲ့တာမှာ အတန်ငယ်လိုက်လာပြီး ဟွေ့မိုက်ရိုက် တာတမံအနီးရောက်တော့ အဆိုပါကားဟာ လမ်းဘေးမှာရပ်ထားတာ တွေ့ရတယ်။
ကားပေါ်မှာ ယာဉ်မောင်းမရှိ စီးနင်းလိုက်ပါသူမရှိ၊ ယာဉ်မောင်းက ကားကိုပစ်ထားပြီး ထွက်ပြေး သွားတယ်။
ကားကိုစစ်ဆေးရာမှာ ကြမ်းခင်းပြုပြင်ထားပြီး အဆိုပါကြမ်းပြင်ကို ခွါကြည့်ရာမှာတော့ မြွေရေခွံအိတ် ၂၄ လုံးရှိတယ်၊ အထဲမှာ အိတ်တလုံးလျှင် အထုတ် ၂၅ ထုတ်ပါရှိပြီး အထုတ် တထုတ်လျှင် အိုက်စ်မူးယစ်ဆေး ၁ ကီလိုဂရမ်စီထည့်ထားတာကြောင့် စုစုပေါင်း အိုက်စ်မူးယစ်ဆေး အလေးချိန် ၆၀၀ ကီလိုဂရမ် သိမ်းဆည်းရမိတာလို့ ဆိုပါတယ်။
ယာဉ်မောင်း ထွက်ပြေးလွတ်မြောက်သွားပေမဲ့ ကားထဲမှာ လူပုဂ္ဂိုလ်ဆိုင်ရာ စာရွက်စာတမ်း အထောက် အထားတွေရှိတယ်၊ ဒါကြောင့် ဆက်လက်စုံစမ်းစစ်ဆေးပြီး ဥပဒေအရ အရေးယူ သွားမယ်လို့ ဆိုပါတယ်။
Source: Maesaipress News


