
ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ဖှန်မြို့နယ် မြန်မာနယ်စပ်အနီးမှာ ဖေဖော်ဝါရီ ၁၄ ရက်က မူးယစ်ဆေးဝါးသယ်ဆောင်သူတွေနဲ့ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြား ပစ်ခတ်မှုဖြစ်ခဲ့ပြီး မူးယစ်သယ်အဖွဲ့ဘက်က ၅ ယောက်သေဆုံးကာ စိတ်ကြွဆေးပြား ၁,၄၀၀,၀၀၀ ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်သတင်းမှာ ဖော်ပြပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ထိုင်းနယ်ခြားစောင့်တပ်၊ ကွန်မန်ဒိုတပ်နဲ့ နယ်မြေအုပ်ချုပ်ရေးဘက်က တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ဖှန်မြို့နယ်၊ မွန့်ပင်အုပ်စု၊ ဘန့်ဟွေ့ကုတ် ကျေးရွာအနီး နယ်စပ်လုံခြုံရေး နယ်လှည့်စစ်ဆေးစဉ် မြန်မာနယ်စပ်နဲ့ ၄ ကီလိုအကွာ မတ်စောက်တဲ့ တောင်ပေါ်လမ်းကနေ လူ ၁၀ မှ ၁၅ ယောက်ခန့် အထုပ်ကိုယ်စီနဲ့ ဆင်းလာကြပါတယ်။
တာဝန်ရှိသူတွေက စစ်ဆေးဖို့ ရပ်တံ့ခိုင်းရာမှာ တဘက်က မရပ်တဲ့အပြင် သေနတ်နဲ့ပါ ပစ်ခတ်လို့ တာဝန်ရှိသူတွေကလည်း ပြန်လည်ပစ်ခတ်တယ်၊ ၅ မိနစ်ကြာ အပြန်အလှန် ပစ်ခတ်ကြတယ်၊ ပစ်ခတ်သံတွေ ငြိမ်သွားလို့ အနီးနားတဝိုက် သွားရောက် နယ်မြေရှင်းလင်းတာမှာ သေဆုံးသူ ၅ ယောက်နဲ့ အိတ်ပေါင်း ၁၄ အိတ် တွေ့ရှိတယ်၊ အဆိုပါအိတ်တွေထဲမှာ စိတ်ကြွဆေးပြားတွေ့ရှိပြီး တအိတ်ကို ၁ သိန်းစီ ထည့်ထားတာကြောင့် စုစုပေါင်း ၁၄ သိန်း ဖမ်းမိတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက် တနေ့တည်းမှာပဲ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်းမြို့နယ်ထဲမှာ ဂျင်းတက်တွေ တင်လာတဲ့ ကုန်တင်ကားတစီးပေါ်ကနေ စိတ်ကြွဆေးပြား ၉,၉၇၀,၀၀၀ ဖမ်းဆီးရမိတယ်လို့ ချင်းမိုင် Hedlom News သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းစစ်တပ် ချိုင်းယားနုဖတ်စစ်ကြောင်းနဲ့ ချင်းဒေါင်မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေဟာ ချင်းဒေါင်းမြို့နယ်၊ မိုင်းနကျေးရွာအုပ်စု ဘန့်လင်းလုံစစ်ဆေးရေးဂိတ်မှာ တာဝန်ထမ်းဆောင်စဉ် အီစူဇူး ကုန်တင်ကားတစီး မောင်းဝင်လာတယ်၊ ယာဉ်မောင်းမှာ သံသယရှိတာကြောင့် တာဝန်ရှိသူတွေက ရပ်တံ့စစ်ဆေးရာမှာ ဂျင်းတက်တွေအောက်မှာ အိတ်ပေါင်း ၅၀ တွေ့ရှိပြီး အထဲမှာ စိတ်ကြွဆေးတွေ ပါပါတယ်၊ စုစုပေါင်း ၁၀ သန်းနီးပါးရှိတယ်။ ယာဉ်မောင်းကတော့ သူဟာ အဲဒီကားကို ပထုံဌာနီခရိုင်၊ ခလောင်းလုံမြို့နယ်၊ တလတ်ထိုင်းဈေးကို မောင်းပို့ပေးဖို့ ဘတ် ၁၅၀,၀၀၀ နဲ့ အငှားမောင်းပေးတာလို့ ထွက်ဆိုထားပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက် ညနေ ၆ ကလည်း ချင်းမိုင်ခရိုင်၊ မဲ့အိုင်းမြို့နယ် မြန်မာနယ်စပ် ထာ့ဒွန်းအုပ်စု ထာ့မကိုင်ကျေးရွာရှိ လမ်းဘေးက မြက်တောထဲမှာ အိတ်ပေါင်း ၁၉ အိတ်ကို ရွာသူကြီးကတွေ့ရှိတာကြောင့် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အကြောင်းကြားခဲ့တယ်၊ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာမှာ အိတ်ထဲမှာ စိတ်ကြွဆေးပြားစုစုပေါင်း ၂,၅၀၀,၀၀၀ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
ဒီမတိုင်ခင်က အဖြူရောင်ဟိုင်းလပ်စ်ကားတစီးဟာ အဆိုပါလမ်းကြောင်းပေါ် မောင်းနှင်လာပြီး စစ်ဆေးရေးဂိတ်ကို ဖြတ်ကာ အမြန်မောင်းနှင်သွားခဲ့တယ်၊ တာဝန်ရှိသူတွေက အဆိုပါကားနောက် လိုက်လံရှာဖွေစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်းမှာပဲ ချင်းမိုင်ခရိုင်၊ ဝိန်းပါပေါက်မြို့နယ်ထဲမှာ ကြက်သွန်ဖြူတွေ အပြည့်တင်ဆောင်လာတဲ့ မီးခိုးရောင် ဟိုင်းလပ်စ်ကားတစီးဟာ စစ်ဆေးရေးဂိတ်တွေ ရှောင်ကွင်းပြီး အခြားပတ်လမ်းဘက်ကနေ ထိုင်းနိုင်ငံအတွင်းပိုင်းကို မောင်းဝင်လာတာကို တာဝန်ရှိသူတွေ တွေ့ရှိခဲ့ပါတယ်။
ဒါကြောင့် အဲဒီကားနောက်ကို နောက်ယောင်ခံလိုက်သွားရာမှာ ထိုင်းအလယ်ပိုင်း ချိုင်းနတ်ခရိုင် ဆေလုတ်ရပ်ကွက် အမှတ် ၃၂ လမ်းမကြီးပေါ်ရောက်တော့ စစ်ဆေးရာမှာ ကြက်သွန်ဖြူတွေကြား ဝှက်ထားတဲ့ အိတ်တွေ တွေ့ရှိတယ်။ အထဲမှာ ၉၉၉ အမှတ်တံဆိပ် စိတ်ကြွဆေးပြား ၂,၁၉၀,၀၀၀ နဲ့ လက်ဖက်ခြောက်အိတ်ထဲ ထည့်ထားတဲ့ အိုက်စ်မူးယစ်ဆေး ၂၆ ကီလိုဂရမ်ကို တွေ့ရှိတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အသက် ၄၃ နှစ်ရွယ်ရှိ ထိုင်းနိုင်ငံသား နိုင်းဝပ်ကို ဖမ်းဆီးထားပြီး နောက်ထပ်ကွင်းဆက်တွေ ဆက်လက်စုံစမ်းစစ်ဆေးအရေးယူသွားမယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
Source: Maesai Press


