
ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၉ ရက် ဒီမနက် စောစောက ကားတစီး လမ်းဘေးထိုးကျသွားကာ အထဲမှာ မူးယစ်ဆေးဝါး ထည့်ထားတဲ့ အိတ်ပေါင်း ၁၀ အိတ်ကျော် တွေ့ရှိတယ်လို့ ထိုင်းစစ်တပ်သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းစစ်တပ် ထပ်ကျောက်တာ့ခ်စစ်ကြောင်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဒီကနေ့မနက် ၁ နာရီလောက်က မယ်ဆိုင်မြို့နယ်၊ တာချီလိတ်-မယ်ဆိုင်နယ်စပ်ပတ်လမ်းကြောင်းပေါ်မှာ တာဝန် ထမ်းဆောင်နေစဉ် အနက်ရောင်ကားတစီးဟာ စစ်ဆေးရေးဂိတ်မရောက်ခင် ၅၀၀ မီတာအလိုမှာ ရုတ်တရက်ကားကို ပြန်ကွေ့ပြီး အမြန်မောင်းထွက်သွားပါတယ်။
တာဝန်ရှိသူတွေက အဆိုပါကားနောက်လိုက်သွားရာမှာ မုန်ဒဲန်ရပ်ကွက် လမ်းဘေးတနေရာမှာ ကားပျက်ပြီး လမ်းဘေးထိုးကျသွားတာ တွေ့လိုက်ရပါတယ်။
အနီးရောက်တော့ အဆိုပါ မစ်ဆူဘီရှီ ပါဂျဲရိုး ကားအနက်ရောင်မှာ အရှေ့တံခါးဖွင့်လျက်နဲ့ ယာဉ်မောင်းသူကိုတော့ မတွေ့ရပါဘူး။
ကားထဲမှာတော့ ဆာလာအိတ် ၁၂ မှ ၁၅ လုံးရှိတယ်။ အထဲမှာ မူးယစ်ဆေးဝါးတွေ ပါရှိပြီး အရေအတွက်ကိုတော့ မစစ်ဆေးရသေးဘူးလို့ ဆိုပါတယ်။
မနက် ၈ နာရီလောက်မှာတော့ အဆိုပါ မုန်ဒဲန်ရပ်ကွက်ထဲက မြက်တောတခုထဲမှာ သံသယရှိတဲ့ ခရီးဆောင်အိတ် ၂ လုံးကို ထပ်မံတွေ့ရှိတယ်။
အဆိုပါအိတ်ကို မြက်ခြောက်တွေနဲ့ ဖုံးထားပြီး ဖွင့်ဖောက်စစ်ဆေးရာမှာတော့ ပန်းရောင်အိတ်ထဲမှာ စိတ်ကြွမူးယစ်ဆေး ၂၆၀,၀၀၀ လုံး၊ အဖြူရောင်အိတ်ထဲမှာ စိတ်ကြွဆေး ၃၆၀,၀၀၀ လုံး၊ စုစုပေါင်း ၆၂၀,၀၀၀ လုံးတွေ့ရှိတယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ် ၂ ရပ်လုံးမှာ ပါဝင်ပတ်သက်သူတွေ ဖမ်းဆီးအရေးယူနိုင်ဖို့ ဆက်လက်စုံစမ်းသွားမယ်လို့ ဆိုပါတယ်။
Source: Royal Thai Army / Maesaipress


