
ပြင်သစ်နိုင်ငံပိုင် ပိုလီနီးရှားရေပြင်ထဲမှာ ကိုကင်း ၄ တန်ကျော်ကို ပြင်သစ်ရေတပ်က သိမ်းဆည်းရမိခဲ့ပြီး ကရစ်ဘီယံပင်လယ်ပြင်မှာလည်း မူးယစ်ဆေးဝါးတွေ တင်ဆောင်လာတဲ့ တခြားစက်လှေတစီးကို ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြင်သစ်ကာကွယ်ရေးဝန်ကြီးက ဖေဖော်ဝါရီ ၅ ရက်မှာ ပြောပါတယ်။
ပြင်သစ်နဲ့ နယူးဇီလန် အကောက်ခွန်ဌာနတွေရဲ့ သတင်းပေးချက်အရ ပြင်သစ်ရေတပ်ဟာ သံသယဖြစ်ဖွယ် စက်လှေတစီးကို ဖေဖော်ဝါရီ ၂ ရက်က တားဆီးစစ်ဆေးခဲ့ရာမှာ ကိုကင်း ၁၇၄ ထုပ်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ပြင်သစ် ပိုလီနီးရှား ဒေသခံအရာရှိတွေက ထုတ်ပြန်ခဲ့ပါတယ်။
အခုမတိုင်ခင် ဇန်နဝါရီ ၁၆ ရက်ကလည်း ပြင်သစ် ပိုလီနီးရှားမှာ ကိုကင်း ၅ တန်နီးပါးကို ကြားဖြတ် ဖမ်းဆီးရမိခဲ့သေးကြောင်း ပစိဖိတ်ဒေသ အာဏာပိုင်တွေက ပြောဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ပြင်သစ် ပိုလီနီးရှားကို သယ်ဆောင်လာတာမဟုတ်ဘဲ နောက်ပိုင်းမှာ ဖျက်ဆီးပစ်ခဲ့ပါတယ်။
ဒါပေမဲ့ နိုင်ငံတကာဥပဒေအရ သင်္ဘောသားတွေနဲ့ ရေယာဉ်ကိုတော့ ခရီးဆက်သွားခွင့် ပြုခဲ့ပါတယ်။
ပြင်သစ်နိုင်ငံအတွင်း လူဆိုးဂိုဏ်းတွေနဲ့ ဆက်စပ်နေတဲ့ မူးယစ်ဆေးဝါး ရာဇဝတ်ပြစ်မှုတွေ တိုးပွားလာနေချိန်မှာပဲ ကမ္ဘာ့ကိုကင်းထုတ်လုပ်မှု အများဆုံးဖြစ်တဲ့ ကိုလံဘီယာနိုင်ငံ ခရီးစဉ်အတွင်းမှာ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ယွန်-နိုဝယ်လ် ဘဲရာ့ထ်က လက်တင်အမေရိက၊ ကရစ်ဘီယန်ဒေသနဲ့ ဥရောပအထိ ပျံ့နှံ့လာနေတဲ့ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေကို ဘက်ပေါင်းစုံမှ တိုက်ဖျက်မဲ့ အစီအစဉ်တရပ်ကို ကြေညာခဲ့ပါတယ်။
ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ ဥရောပသမဂ္ဂ (EU) ရဲ့ ပိတ်ဆို့အရေးယူမှုစနစ်ကို ကျင့်သုံးဖို့လည်း ပြင်သစ်အစိုးရက တိုက်တွန်းနေပါတယ်။
Source: Reuters


