Home
နိုင်ငံတကာ
မဲခေါင်မြစ်ကမ်းဘေးတွင် စိတ်ကြွဆေး ၂ ဒသမ ၃ သန်း ထိုင်းရေတပ် သိမ်းဆည်းရမိ
DVB
·
February 12, 2026
Photo: RTN spokesperson team

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း၊ နောင်ခိုင်ခရိုင်ထဲက မဲခေါင်မြစ်ကမ်းဘေးမှာ မှောင်ခိုသမားတွေ စွန့်ပစ်ထားခဲ့တဲ့ စိတ်ကြွမူးယစ်ဆေးပြား ၂ ဒသမ ၃ သန်းနီးပါးကို ထိုင်းရေတပ် ကင်းလှည့်တပ်ဖွဲ့က သိမ်းဆည်းရမိခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၁ ရက် Bangkok Post သတင်းမှာ  ဖော်ပြပါတယ်။

ထိုင်းရေတပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ပရာ့တ် ရတ်တနာချိုင်ဖန်းက ဖေဖော်ဝါရီ ၁၁ ရက် မနက်အစောပိုင်းမှာ နောင်ခိုင်အခြေစိုက် မဲခေါင်မြစ်ကြောင်းထိန်းသိမ်းရေးအဖွဲ့က နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးမှောင်ခိုကူးမှုကို နှိမ်နင်းရေး၊ အမျိုးသားလုံခြုံရေးနဲ့ ပြည်သူလူထု ဘေးကင်းရေးကို ကာကွယ်နိုင်ရေးတို့အတွက် ထိုင်းတော်ဝင်ရေတပ်ရဲ့ တက်ကြွတဲ့ မူဝါဒအရ ၂၄ နာရီပတ်လုံး နယ်စပ်ကင်းလှည့်နေချိန်အတွင်း ခုလိုဖမ်းဆီးရမိခဲ့တာလို့ ပြောပါတယ်။

အဲဒီနေ့ မနက်အစောပိုင်း ၁ နာရီလောက်က ကင်းလှည့်အဖွဲ့ဟာ ဘန်ဒွန်းတိုက်နယ်၊ ပတ်စွယ်နွိုင်း ကျေးရွာထဲက ပတ်စွယ်ဆေးရွက်ကြီးစခန်း အနောက်ဘက် မြစ်ကမ်းဘေးမှာ မသင်္ကာဖွယ် လှုပ်ရှားမှုတွေကို တွေ့ရှိခဲ့ရတာကြောင့် အရာရှိတွေက မိမိတို့ မည်သူမည်ဝါဖြစ်ကြောင်း ပြောဆိုကာ ဝင်ရောက်စီးနင်းချိန်မှာ သံသယရှိသူတွေက နယ်မြေကျွမ်းကျင်မှုကို အခွင့်ကောင်းယူကာ မှောင်ရိပ်ခို ထွက်ပြေးလွတ်မြောက်သွားခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အဲဒီနောက် ဆက်လက်ရှာဖွေရာမှာ စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၂ ဒသမ ၃၇ သန်းနီးပါး ပါရှိတဲ့ အိတ် ၇ အိတ်ကို သိမ်းဆည်းရမိခဲ့တဲ့အပြင် မူးယစ်ဆေးဝါးတွေကို ပြည်တွင်း အချက်အချာဒေသတွေဆီ သယ်ဆောင်ဖို့ ပြင်ဆင်ထားကြောင်း ယူဆရတဲ့ ဘန်ကောက်လိုင်စင်နံပါတ်ပါ အလုံပိတ် ပစ်ကပ်ကားတစီးနဲ့ လိုင်စင်မဲ့ ဆိုင်ကယ်တစီး တို့ကိုလည်း ကင်းလှည့်အဖွဲ့က သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ သိမ်းဆည်းရမိတဲ့ ပစ္စည်းအားလုံးကို စစ်ဆေးနိုင်ရေးအတွက် ဖုန်းဖိဆိုင် ရေတပ်စခန်းဆီ လွှဲပြောင်းပေးခဲ့ပြီး ရေတပ်အနေနဲ့ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းထဲ ပါဝင်ပတ်သက်သူတွေကို ခြေရာခံ ဖော်ထုတ်နိုင်ဖို့နဲ့ ဥပဒေကြောင်းအရ အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးအေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ထိုင်းရေတပ်ကတော့ ခုလိုဖမ်းဆီးရမိမှုက ထိုင်းနိုင်ငံအတွင်း မူးယစ်ဆေးဝါးတွေ မှောင်ခိုတင်သွင်းနိုင်ဖို့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေရဲ့ ဆက်လက် ကြိုးပမ်းနေမှုတွေကို မီးမောင်းထိုးပြနေတာလို့ ပြောပါတယ်။

Source: Bangkok Post

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013