Home
မြန်မာသတင်း
ဘီလာရုစ်မော်ဒယ် ၁ ဦး မြန်မာကျားဖြန့်ဂိုဏ်းတွင် ရောင်းစားခံရပြီး အသတ်ခံရဟု သတင်းထွက်
DVB
·
October 21, 2025

ဘီလာရုစ်နိုင်ငံက မော်ဒယ်လ်နဲ့ တေးသံရှင် ဗီရာ ခရက်ဗ်ဆိုဗာ (Vera Kravtsova )ဟာ  ထိုင်းနိုင်ငံမှာ မော်ဒယ်လုပ်ငန်းလုပ်ဖို့ လာရောက်ခဲ့ပေမဲ့ ထိုင်းရောက်တော့ အလိမ်ခံရပြီး မြန်မာဘက်ခြမ်း ကျားဖြန့်ဂိုဏ်းတွေဆီ ရောက်သွားကာ အသတ်ခံထားရတယ်လို့ အောက်တိုဘာ ၁၆ ရက်ထုတ် UNN သတင်းကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

အသက် ၂၆ နှစ်အရွယ်ဗီရာ ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်ကို ရောက်လာတယ်၊ အဓိက မှာ မော်ဒယ်လ်လုပ်ငန်းတွေ ဆောင်ရွက်ဖို့ဖြစ်တယ်၊  ဒါပေမဲ့  မြန်မာနိုင်ငံဘက်ကို လိမ်လည်ခေါ် ဆောင်ခံရပြီး ဂိုဏ်းသားတွေက သူ့ရဲ့ ဖုန်းနဲ့ နိုင်ငံကူးလက်မှတ်ကိုပါ သိမ်းဆည်းခံလိုက်ရပါတယ်။

အဲဒီနောက် သူ့ကို စကဲင်မာ (အွန်လိုင်းလိမ်လည်အလုပ်) လုပ်ခိုင်းတယ်၊ အဓိကမှာ အမျိုးသားတွေနဲ့ ရည်းစားဖြစ်ချင်ယောင်ဆောင်ပြီး ငွေကြေးရင်းနှီးမြှုပ်နှံခိုင်းတယ်။ သူက မလုပ်ချင်လို့ ငြင်းဆန်ပေမဲ့ မရဘူး၊ သတ်မှတ်ထားတဲ့ ငွေပမာဏအတိုင်း ရှာမပေးနိုင်တာကြောင့် ဂိုဏ်းသားတွေရဲ့ ရိုက်နှက်နှိပ်စက်ခြင်း ခံရတယ်၊  အဲဒီနောက် ရန်ကုန်ရှိ  လူ့ကိုယ်တွင်းကလီစာ မှောင်ခိုတွေလက်ထဲ ထပ်ဆင့်ရောင်းစားလိုက်တယ်လို့  ဆိုပါတယ်။

အဲဒီနောက် ဘယ်လာရုစ်က မိသားစုဝင်တွေထံ အမည်မသိသူတွေက ဆက်သွယ်ပြီး သူတို့သမီး သေဆုံးသွားပြီဖြစ်ကြောင်း၊ အလောင်းပြန်လိုချင်ပါက ဒေါ်လာ ၅ သိန်း ( ထိုင်းဘတ် ၁၈ သန်း) ခန့် ငွေညှစ်ခဲ့တယ်လို့  ဆိုပါတယ်။ 

အဲဒီကိစ္စကို မိသားစုဝင်တွေက ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာနကို တိုင်ကြားခဲ့တယ်၊ နိုင်ငံခြား‌ရေးဌာနကလည်း  မိသားစုဝင်တွေကို အကူအညီပေးနိုင်ဖို့  လိုအပ်သလို စုံစမ်းစစ်ဆေးနေတယ်၊  မိခင်ဖြစ်သူကတော့ သမီးဖြစ်သူရဲ့ ကြွင်းကျန်အရိုးပြာကို သယ်ဆောင်ဖို့  မြန်မာပြည်ကို သွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ ဒု- ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဖရီဟုမ်ကယောက်ကလည်း  သတင်းမှန်ကန်မှု ရှိ၊ မရှိနဲ့ လိုအပ်တာတွေ ဆက်လက်ဆောင်ရွက်ဖို့  စုံစမ်းထောက်လှမ်းမှုတွေ လုပ်ဆောင်နေကြောင်း  သတင်းထောက်တွေကို ပြောသွားပါတယ်။ 

ကုလသမဂ္ဂရဲ့  ၂၀၂၃ ခုနှစ်ထုတ် အစီရင်ခံစာအရ  မြန်မာနိုင်ငံမှာ လူကုန်ကူးခံရသူပေါင်း ၁၂၀,၀၀၀ ကျော်ရှိပြီး အဲဒီထဲမှာ ကျားဖြန့်လုပ်ငန်းတွေမှာ အလိမ်ခံရသူတွေ ပါဝင်တယ်။ ဗီယက်နမ်၊  အိန္ဒိယ၊ သီရိလင်္ကာ၊ ရုရှား၊ အရှေ့ဥရောပ စတဲ့နိုင်ငံကလူတွေလည်း ပါတယ်လို့ ဖော်ပြထားပါတယ်။ 

Source: Khaosod / Thairath

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013