Home
မြန်မာသတင်း
မြန်မာနယ်စပ် တောထဲ ၂ ပတ်ကြာ မျက်စိလည်လမ်းမှား ပျောက်ဆုံးနေသည့် ဗြိတိန်လူငယ် ပြန်တွေ့
DVB
·
October 16, 2025

ထိုင်းနိုင်ငံ၊ ကန်ကျနပူရီခရိုင်၊ ဆန်ခလပူရီမြို့နယ် မြန်မာနယ်စပ်မှာ ပျောက်ဆုံးသွားတဲ့ ဗြိတိန် လူငယ်တယောက်ကို ပြန်လည်တွေ့ရှိပြီဖြစ်ပြီး သူဟာ တောထဲမှာ  သီတင်း ၂ ပတ်ကြာ မျက်စိလည် လမ်းမှားခဲ့တယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

အသက် ၁၉ နှစ် ရွယ် အင်္ဂလန်နိုင်ငံသား လောရန့်စတောဒ်အော်နာဟာ ဆန်ခလပူရီမြို့နယ်ထဲမှာ စက်တင်ဘာ ၂၇ ရက်က ပျောက်ဆုံးနေပြီး  တာဝန်ရှိသူတွေက လိုက်လံရှာဖွေနေသလို  တွေ့ရှိသူအနေနဲ့ သက်ဆိုင်ရာကို အကြောင်းကြားဖို့  ကန်ကျနပူရီအုပ်ချုပ်ရေးရုံးက ကြေညာထားပါတယ်။ 

အောက်တိုဘာ ၁၁ ရက်မှာတော့ သူ့ကို ဘုရားသုံးဆူအုပ်စု  (ထိုင်းဘက်ခြမ်း) ရှိ ထမ့်ဝဆမ်ဘုန်းမှာ တွေ့ရှိကြောင်း ရွာသားတွေက ဝမ်းစကိုင်းဖောင်ဒေးရှင်းကို အကြောင်းကြားခဲ့တယ်။ ဖောင်ဒေးရှင်း တာဝန်ရှိသူတွေက သွားခေါ်လာပြီး ကျန်းမာရေးစစ်ဆေးပေးခဲ့တယ်။ အဲဒီနောက် မြို့နယ်အုပ်ချုပ်ရေးနဲ့ ရဲတပ်ဖွဲ့တွေကို အကြောင်းကြားလိုက်တာလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက လောရန့်စတောဒ်အော်နာကို စစ်ဆေးမေးမြန်းရာမှာ သူက မြန်မာပြည်ကို သွားလည်ဖို့ စက်တင်ဘာ ၂၇ ရက်က ချွန်းပူးရီးခရိုင် ပတ္တယားကနေ ကန်ကျနပူရီခရိုင်၊ ဆန်ခလပူရီကို လာခဲ့တယ်၊ ဘုရားသုံးဆူ နယ်စပ်ဖြတ်ကျော်ဂိတ်မှာ ထိုင်းအာဏာပိုင်တွေက ဂိတ်ပိတ်ထားတယ်လို့ပြောပြီး သူ့ကိုမပေးဖြတ်ဘူး။ အဲဒီနောက် ဘန်ကောက်ပြန်ဖို့ ကားဂိတ်ကို လိုက်ပို့ပေးတယ်။ သူက မပြန်လိုသေးတာကြောင့် မြို့ထဲမှာရှိနေစဉ် လူ ၃ ယောက်က သူ့ကို ရီဆော့တ်ဟိုတယ်တခုမှာ တည်းခိုဖို့ လိုက်ပို့ပေးတယ်၊ ဟိုတယ်မှာတည်းခိုဖို့ ပိုက်ဆံမရှိတာကြောင့် ဖုန်းဘက္ထရီအားသွင်းပြီး ပြန်ထွက်လာတယ်။ တောတောင်သဘာဝတွေ လှည့်လည်ကြည့်ရှုစဉ် မျက်စိလည် လမ်းမှားသွားတယ်၊ တောထဲမှာ သစ်ခေါက်တွေစားပြီး အသက်ဆက်ခဲ့တယ်။ လမ်းစရှာဖွေရင်း ဘုန်းကြီးကျောင်းတကျောင်းကို တွေ့တာကြောင့် ထမင်းတောင်းစားခဲ့တယ်လို့  ပြောပါတယ်။ 

တာဝန်ရှိသူတွေက ပတ္တယားမှာရှိတဲ့ သူ့မိခင်ထံအကြောင်းကြားခဲ့ပြီး မိခင်ကလည်း အောက်တိုဘာ ၁၃ ရက်နေ့မှာ ဆန်ခလပူရီသို့ရောက်လာကာ သားဖြစ်သူကို ပြန်ခေါ်သွားခဲ့ပြီလို့  ထိုင်းသတင်းတွေမှာ ဖော် ပြပါတယ်။ 

လောရန့်စ် ဟာ စက်တင်ဘာ ၂၆ ရက် မနက် ၆ နာရီကျော်ကတည်းက နေအိမ်က ထွက်ခွာသွားပြီး တပတ်နီးပါး ဆက်သွယ်မရတာကြောင့် မိခင်ဖြစ်သူက ပတ္တယားနယ်မြေရဲစခန်းမှာ လူပျောက် တိုင်ကြားခဲ့တာပါ။

သူ့အီးမေးလ်ကို စစ်ဆေးရာမှာ မြန်မာနယ်စပ် ကန်ကျနပူရီခရိုင် ဆန်ခလ ပူရီဘက်မှာ တည်နေရာပြနေတာကြောင့် တဘက်နိုင်ငံက ကျားဖြန့်အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေဘက် ရောက်သွားမှာကိုလည်း မိသားစုဝင်တွေက စိုးရိမ်ခဲ့ကြပါတယ်။ 

Source:  CH8 Thai TV News / SIAM News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013