
ထိုင်းစစ်သေနာပတိချုပ်နဲ့ ကာကွယ်ရေးအမြဲတမ်းအတွင်းဝန်၊ စစ်ဘက်အဆင့်မြင့်အရာ ရှိကြီးတွေ ပါဝင်တဲ့အဖွဲ့တွေဟာ မြန်မာနိုင်ငံနဲ့ နယ်စပ် ချင်းရိုင်၊ ချင်းမိုင်နဲ့ တာ့ခ်ခရိုင်တွေထဲက နယ်စပ်တလျှောက် လုံခြုံရေးတာဝန်ယူထားတဲ့ တပ်ဖွဲ့တွေဆီ သွားရောက်စစ်ဆေးခဲ့ကြ တဲ့အကြောင်း The Nation Thailand သတင်းမှာ ဇန်နဝါရီ ၈ ရက်မှာ ဖော်ပြပါတယ်။
ဒီခရီးစဉ်ကတော့ ထိုင်း–မြန်မာ နယ်စပ်တလျှောက် လုံခြုံရေးအခြေအနေ နောက်ဆုံးရ သတင်းအချက်အလက်တွေနဲ့ ထိုင်းအစိုးရနဲ့ ကာကွယ်ရေးဝန်ကြီးဌာန မူဝါဒတွေ အောက် ဆောင်ရွက်နေကြတဲ့ စစ်ရေးတာဝန် တိုးတက်မှုအခြေအနေတွေကို သိရှိနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်ချုပ်ကြီး သာရဖုန် မလာ ခမ်နဲ့အဖွဲ့ ဟာ မဟာဗျူဟာအရ အရေးပါတဲ့ နေရာတခုဖြစ်တဲ့ ပက်ဆမ်း စစ်ဆင်ရေး အခြေစိုက် စခန်းကို သွားရောက်လည်ပတ်ခဲ့ပါတယ်။
ထိုင်း–မြန်မာ နယ်စပ်မြောက်ပိုင်း ချင်းရိုင်၊ ချင်းမိုင်၊ မယ်ဟောင်ဆောင် ဒေသတွေရဲ့ နယ်စပ်လုံခြုံရေး တာဝန်ယူထားတဲ့ ဖားမူအန် အထူးတပ်ဖွဲ့နဲ့လည်း တွေ့ဆုံပြီးတော့ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့၊ နယ်စပ်ဒေသ အေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းဖို့၊ ဒေသခံပြည်သူတွေ ဘဝအရည်အသွေး မြှင့်တင်နိုင်ရေး အတွက် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ကူညီပံ့ပိုးပေးဖို့နဲ့ ပေါ်ပေါက်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားဖို့ မှာကြားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဒါ့အပြင် တချိန်တည်းမှာပဲ ထိုင်းဘုရင့်တပ်မတော် စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး ဥကရစ် ဘွန်းတနုန်ဟာလည်း တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မယ်ပကျေးရွာအုပ်စုက ရတ်ချာမန်နု တပ်ရင်းဆီ သွားရောက်ခဲ့ပြီး အထူးတပ်ဖွဲ့ တာဝန်ကျနယ်မြေအတွင်း နယ် စပ်အခြေအနေ ပြောင်းလဲမှုတွေကို နားထောင်ခဲ့ပြီး အရေးကြီးလက်နက်ခဲယမ်းတွေကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် မြန်မာနိုင်ငံဘက်ခြမ်း ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ကြီးစိုးရာ ရွှေကုက္ကို၊ KK Park နဲ့ မျက်နှာချင်းဆိုင် စောင့်ကြည့်ရေးစခန်းဆီ သွားရောက်ခဲ့ပြီးနောက် တပ်ဖွဲ့ဝင်တွေကို နယ်စပ်လုံခြုံရေးနဲ့ ဒေသခံပြည်သူတွေကို အကာအကွယ်ပေးရေး တာဝန်တွေ ထမ်းဆောင်ရာမှာ နိုးနိုးကြားကြားရှိကြဖို့ ညွှန်ကြားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Ref: Nation Thailand


