
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အီရန်စစ်ဆင်ရေး ရပ်ဆိုင်းဖို့ အဆိုဟာ အထက်လွှတ်တော်မှာ အရေးနိမ့်ခဲ့ပြီးနောက် အောက်လွှတ်တော်မှာလည်း ကန့်ကွက်မဲ ၂၁၉ မဲ - ထောက်ခံမဲ ၂၁၂ မဲနဲ့ ထပ်မံ အရေးနိမ့်ခဲ့ပါတယ်။
ဒီစစ်ဆင်ရေးကို အမေရိကန်နဲ့ အစ္စရေးတို့က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး ဘယ်လောက်ကြာမယ် ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
မတ် ၅ ရက် အောက်လွှတ်တော် မဲခွဲဆုံးဖြတ်မှုမှာ အမတ်အများစုက ပါတီလိုင်းအတိုင်း ရပ်တည် ခဲ့ကြပြီး ဒီမိုကရက်တွေက စစ်ဆင်ရေးရပ်ဖို့ အဆိုကို ထောက်ခံခဲ့ကြကာ ရီပတ်ဘလစ်ကန်တွေက ကန့်ကွက်ခဲ့ကြပါတယ်။
ဒါပေမဲ့ ဒီမိုကရက် ၄ ယောက်က ရီပတ်ဘလစ်ကန် အများစုနဲ့အတူ ကန့်ကွက်မဲပေးခဲ့ပြီး ရီပတ်ဘလစ်ကန် ၂ ယောက်ကလည်း ဒီမိုကရက်တွေနဲ့ ပူးပေါင်းပြီး ထောက်ခံမဲပေးခဲ့ကြပါတယ်။
မဲရလဒ်ကို အိမ်ဖြူတော်က ကြိုဆိုလိုက်ပြီး ဒါဟာ အမေရိကန်ပြည်သူတွေကို ကာကွယ်ရမဲ့ သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာကို ထပ်လောင်းအတည်ပြုလိုက်တာပဲလို့ ထုတ်ပြန်ပါတယ်။
အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်ကလည်း အခုစစ်ဆင်ရေးဟာ ကန့်သတ်စစ်ဆင်ရေးသာ ဖြစ်ပြီး စစ်ဖြစ်နေတာ မဟုတ်ဘူးလို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။
လောလောဆယ်မှာ အဆိုကို ပယ်ချခဲ့ပေမဲ့ စစ်ပွဲရှည်ကြာလာရင်တော့ ရပ်တည်ချက် ပြောင်းလဲ နိုင်တယ်လို့ ရီပတ်ဘလစ်ကန်တချို့က သတိပေးထားပါတယ်။
ဒီမိုကရက်တွေကတော့ လွှတ်တော်ခွင့်ပြုချက်မပါဘဲ စစ်ရေးအရ အရေးယူမှုကို ဝေဖန်နေကြ ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကတော့ အစိုးရအနေနဲ့ စစ်ဆင်ရေးစတင်အပြီး ၄၈ နာရီမှာ လွှတ်တော်ကို အသိပေးရမဲ့ ဥပဒေကို လိုက်နာခဲ့တယ်လို့ ရှင်းလင်းထားပါတယ်။
Source: Reuters


