
အမေရိကန် ကွန်ဂရက်လွှတ်တော်ကို ကျည်ဖြည့်ထားတဲ့သေနတ်နဲ့ ပြေးသွားခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသားတယောက်ကို ဖေဖော်ဝါရီ ၁၇ ရက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး တစုံတရာ ထိခိုက်မှုမရှိဘူးလို့ အမေရိကန် ကွန်ဂရက်လွှတ်တော် ရဲတပ်ဖွဲ့မှူး မိုက်ကယ် ဆူလီဗန်က ပြောပါတယ်။
လွှတ်တော် ရဲတပ်ဖွဲ့မှူး ဆူလီဗန် ရဲ့ ပြောကြားချက်အရ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မွန်းတည့် ၁၂ နာရီကျော် လောက်မှာ အသက် ၁၈ နှစ်အရွယ် လူငယ်တယောက်ဟာ အဖြူရောင် မာစီဒီးစ် SUV နဲ့ လွှတ်တော်အနီးကို ရောက်ရှိလာတာဖြစ်ပြီး ကက်ပီတိုလ် အဆောက်အဦအနီး မေရီလန်း ရိပ်သာလမ်းမကြီးမှာ ကားရပ်ပြီးတာနဲ့ သေနတ်တလက် ကိုင်ဆောင်ကာ လွှတ်တော်ဘက်ကို ဦးတည်ပြေးဝင်ခဲ့တာလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေက သူ့ကို ချက်ချင်း သတိပြုမိခဲ့ပြီး လက်နက်ချဖို့နဲ့ မြေပြင်ပေါ် လှဲနေဖို့ အမိန့်ပေးတာကို လူငယ်ဟာ လက်နက်ကို အသာတကြည်ချပြီး အဖမ်းခံခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရတာမျိုး မရှိဘဲ ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုအရ လူငယ်ဟာ စစ်သုံးအင်္ကျီ (Tactical Vest) နဲ့ လက်အိတ်တွေ ဝတ်ဆင်ထားသလို၊ သူ့ရဲ့ ကိုယ်ပေါ်မှာလည်း အပိုကျည်ဆန်တွေကို တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် သူစီးလာတဲ့ ကားထဲမှာလည်း စစ်သုံး ကဗ်လာ ကျည်ကာဦးထုပ်တလုံးနဲ့ ဓာတ်ငွေ့ကာ မျက်နှာဖုံးတခုကိုပါ ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဒီဖြစ်စဉ်ဟာ အိမ်ဖြူတော်အနီးမှာ အမျိုးသားအစောင့် တပ်ဖွဲ့ဝင် တယောက် ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပြီး ၃ လမပြည့်ခင်မှာပဲ ထပ်မံဖြစ်ပွားခဲ့တာကြောင့် လုံခြုံရေးအရ စိုးရိမ်မှုတွေ ရှိနေပါတယ်။
အထူးသဖြင့် လာမယ့်အပတ်မှာ သမ္မတ ဒေါ်နယ်ထရမ့်ပ်က လွှတ်တော်အတွင်း "နိုင်ငံတော်အခြေပြ မိန့်ခွန်း" ပြောကြားဖို့ ရှိနေတာကြောင့် လုံခြုံရေးတင်းကျပ်ထားပါတယ်။
အခုဖြစ်စဉ်ကြောင့် လုံခြုံရေးအစီအမံတွေကို ပြောင်းလဲမှာမဟုတ်ဘူးလို့ လွှတ်တော် ရဲတပ်ဖွဲ့ အကြီးအကဲ ဆူလီဗန်က သတင်းထောက်တွေကို ပြောပါတယ်။
လက်ရှိမှာတော့ အသက် ၁၈ နှစ်အရွယ် လူငယ်ရဲ့ အမည်နဲ့ ဘာကြောင့် အခုလို လုပ်ဆောင်ရတယ်ဆိုတဲ့ ရည်ရွယ်ချက်ကိုတော့ ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုခြင်း မရှိသေးဘဲ ဆက်လက်စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။


