
အီရန်-အမေရိကန် နျူကလီးယားဆွေးနွေးပွဲတွေ ပြန်စဖို့ တရက်အလို ဖေဖော်ဝါရီ ၁၆ ရက်မှာ အီရန် တော်လှန်ရေးအစောင့်တပ်ရဲ့ ရေတပ်က ဟော်မုဇ်ရေလက်ကြားမှာ စစ်ရေးလေ့ကျင့်ခဲ့တယ်လို့ တက်စ်နင်မ် သတင်းဌာနက ဖော်ပြပါတယ်။
အီရန်စစ်ဘက်အရာရှိကြီးတွေက တိုက်ခိုက်မှု ပုံစံအမျိုးမျိုးနဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ကြီးကြပ်နေပုံ ရုပ်သံမှတ်တမ်းကိုလည်း ပြသထားပြီး ပေါက်ကွဲမှုကြီးတွေကို တွေ့ရပါတယ်။
ဟော်မုဇ်ရေလက်ကြားကို ပါးပါးနပ်နပ် ထိန်းချုပ်ခြင်းလို့ နာမည်ပေးထားတဲ့ ဒီစစ်ရေးလေ့ကျင့်မှုဟာ "ဖြစ်နိုင်ခြေရှိတဲ့ လုံခြုံရေးနဲ့ စစ်ရေးခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ရာမှာ စစ်ဆင်ရေးတပ်ဖွဲ့တွေရဲ့ အဆင်သင့်ဖြစ်မှုကို စမ်းသပ်ဖို့ ရည်ရွယ်ထားတယ်” လို့ တက်စ်နင်မ် သတင်းဌာနက ဖော်ပြပါတယ်။
ဇွန်လက အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှုတွေမှာ အစ္စရေးနဲ့ ပူးပေါင်းခဲ့တဲ့ အမေရိကန် အစိုးရက အီရန်အစိုးရနဲ့ နောက်ဆုံးထိပ်တိုက်တွေ့တဲ့ အနေနဲ့ အရှေ့အလယ်ပိုင်းဆီ ဒုတိယမြောက် လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအဖွဲ့ကို လွှတ်ဖို့ အမိန့်ပေးခဲ့ပြီး တခြား အမေရိကန် စစ်သင်္ဘောတွေနဲ့ လေယာဉ်တွေကို တပ်ဖြန့်ချထားပြီးပါပြီ။
ပါရှန်ပင်လယ်ကွေ့နဲ့ အိုမန်ပင်လယ်က အီရန်ရဲ့ ပထဝီနိုင်ငံရေး အားသာချက်တွေကို ဉာဏ်ရည် ထက်ထက်မြက်မြက်နဲ့ အသုံးချခြင်းဟာ လေ့ကျင့်ခန်းရဲ့ အဓိကရည်မှန်းချက်တွေထဲမှာ ပါတယ်လို့ အီရန် လေ့ကျင့်ခန်းနဲ့ ပတ်သက်ပြီး တက်စ်နင်မ်က ပြောပါတယ်။
အီရန်ဟာ ဘယ်လိုတိုက်ခိုက်မှုကိုမဆို လက်စားချေတဲ့အနေနဲ့ ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်မယ်လို့ အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့ပါတယ်။
တကယ်လို့ ပိတ်ခဲ့ရင် ကမ္ဘာ့ရေနံစီးဆင်းမှုရဲ့ ငါးပုံတပုံကို ပိတ်ဆို့စေပြီး ရေနံစိမ်းဈေးနှုန်းတွေကို သိသိသာသာ မြင့်တက်စေနိုင်ပါတယ်။
ရေလမ်းကြောင်းဟာ ဆော်ဒီအာရေဗျ၊ အီရန်၊ အီရတ်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စုတို့လို အကြီးဆုံးပင်လယ်ကွေ့ ရေနံထုတ်လုပ်သူတွေ၊ အိုမန်ပင်လယ်ကွေ့နဲ့ အာရေဗျပင်လယ်တို့ကို ဆက်သွယ်ပေးထားပါတယ်။
ဒါ့အပြင် တနင်္လာနေ့မှာ အီရန်နိုင်ငံခြားရေးဝန်ကြီးက ဆယ်စုနှစ်များစွာကြာနေတဲ့ နျူကလီးယား အငြင်းပွားမှုကို ဖြေရှင်းဖို့ ရည်ရွယ်တဲ့ အမေရိကန်နဲ့ အီရန်အစိုးရတွေအကြား ဆွေးနွေးပွဲတွေမတိုင်မီ ဂျီနီဗာမှာ ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးဌာန အကြီးအကဲနဲ့ တွေ့ဆုံခဲ့ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရတ်ချီက တရားမျှတပြီး တန်းတူညီမျှတဲ့ သဘောတူညီချက်တခု ရဖို့ ဂျီနီဗာမှာ ရောက်နေတယ်လို့ သူက ပြောပါတယ်။
"စားပွဲပေါ်မှာ မပါတာက ခြိမ်းခြောက်မှုတွေ မတိုင်ခင်မှာ လက်အောက်ခံခြင်းပါ" လို့ အာရတ်ချီက X လူမှုကွန်ရက်ပေါ်မှာ ပြောခဲ့ပါတယ်။
Source: Reuters


