Home
နိုင်ငံတကာ
အမေရိကန် ရေခဲပြင်စကိတ်ကွင်း၌ ပစ်ခတ်မှုဖြစ်
DVB
·
February 17, 2026
Photo: Reuters

အမေရိကန်ပြည်ထောင်စု၊ ရုဒ်အိုင်းလန်းပြည်နယ်၊ ပထပ်ကတ်မြို့ရှိ ဒန်းနစ်စ်အမ်လင့်ချ် ရေခဲပြင်ဟော်ကီ အားကစားကွင်းမှာ ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲပိုင်းက သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာမှာ သံသယရှိသူ အပါအဝင် စုစုပေါင်း ၃ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ ၂ နာရီခွဲလောက်က လင့်ချ်အရီနာ ဟော်ကီကွင်းအတွင်းမှာ အထက်တန်းကျောင်းသားတွေရဲ့ ဟော်ကီပြိုင်ပွဲ ကျင်းပနေချိန်အတွင်း သေနတ်ပစ်ခတ်မှု ဖြစ်ကြောင်း အရေးပေါ် ဖုန်းခေါ်ဆိုမှု လက်ခံရရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေဟာ အခင်းဖြစ်ပွားရာကို ချက်ချင်းရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ရဲတွေရောက်ရှိချိန်မှာ ဟော်ကီကွင်းအတွင်း သေဆုံးသူ ၂ ယောက်ကို တွေ့ရှိခဲ့ပြီး သူတို့ထဲမှာ သံသယရှိသူလည်း ပါဝင်ကြောင်း အတည်ပြုထားပါတယ်။

ဆေးရုံကိုပို့ဆောင်ထားတဲ့ ဒဏ်ရာရသူတွေထဲက တယောက်ဟာ ကုသမှုခံယူနေရင်းမှာပဲ ဒဏ်ရာပြင်းထန်မှုကြောင့် ကွယ်လွန်ခဲ့လို့ စုစုပေါင်း သေဆုံးသူ ၃ ယောက် ဖြစ်လာခဲ့ပါတယ်။

သေဆုံးသူတွေရဲ့ အမည်တွေကို မိသားစုဝင်တွေဆီ အရင်ဦးစွာ အကြောင်းကြားပြီးမှသာ လူသိရှင်ကြား ထုတ်ပြန်သွားမှာဖြစ်ပါတယ်။

ကျန်ရှိနေတဲ့ ဒဏ်ရာရရှိသူ ၃ ယောက်စလုံးမှာလည်း လက်ရှိအချိန်အထိ စိုးရိမ်ရတဲ့ အခြေအနေနဲ့  ဆေးရုံမှာ ကုသမှုခံယူနေရဆဲ ဖြစ်ပါတယ်။

ပထပ်ကတ် ရဲတပ်ဖွဲ့အကြီးအကဲ တီနာဂွန်ကားလ်ဗက်စ်က သံသယရှိသူမှာ အသက် ၅၀ ကျော်အရွယ် ရောဘတ်ဒေါ်ဂန်လို့ ထုတ်ဖော်ခဲ့ပြီး သူဟာ ရောဘတ်တာ ဆိုတဲ့ နာမည်နဲ့ အက်စ်ပိုစီတို ဆိုတဲ့ မိသားစုနာမည်ကိုလည်း အသုံးပြုလေ့ရှိတယ်လို့ ဆိုပါတယ်။

ရဲချုပ် တီနာဂွန်ကားလ်ဗက်စ်က ဒီပစ်ခတ်မှုဟာ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတဲ့ဖြစ်ရပ် ဖြစ်နိုင်ပြီး မိသားစုတွင်း အငြင်းပွားမှုနဲ့ ဆက်နွှယ်နိုင်ကြောင်း ပြောကြားပါတယ်။

ဒါပေမဲ့ စုံစမ်းစစ်ဆေးမှုက အစောပိုင်းအဆင့်မှာပဲ ရှိနေသေးပြီး အသေးစိတ် အချက်အလက်တွေကို ဆက်လက်စစ်ဆေးနေကြောင်းလည်း ဆိုပါတယ်။

အခင်းဖြစ်ပွားချိန်မှာ ကစားကွင်းမှာ ပွဲကြည့်ပရိသတ် အများအပြား ရှိနေခဲ့လို့ ရဲတပ်ဖွဲ့က ဘတ်စ်ကားတွေနဲ့ ဘေးကင်းရာကို ရွှေ့ပြောင်းပေးခဲ့ပြီး သူတို့ရဲ့မိသားစုဝင်တွေနဲ့ ပြန်လည် တွေ့ဆုံပေးခဲ့ပါတယ်။

လက်ရှိမှာ ရှေ့နေချုပ်ရုံးနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ အခင်းဖြစ်ပွားရာနေရာကို ပိတ်ဆို့စစ်ဆေးနေပြီး မျက်မြင်သက်သေတွေကိုလည်း မေးမြန်းကာ ဖြစ်စဉ်တခုလုံးရဲ့ အသေးစိတ်အချက်အလက်တွေကို ဆက်လက်ဖော်ထုတ်နေပါတယ်။

အမှုနဲ့ပတ်သက်တဲ့ အချက်အလက်အသစ်တွေကို ထပ်မံထုတ်ပြန်သွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013