
နျူကလီးယားစီမံကိန်းနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေ ဖြေရှင်းဖို့ အမေရိကန်နဲ့ အဓိက လမ်းညွှန်မူဝါဒတွေ နားလည်မှုရပြီလို့ အီရန်ဘက်က ထုတ်ပြန်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ဖေဖော်ဝါရီ ၁၇ ရက်က ကျင်းပခဲ့တဲ့ တဆင့်ခံဆွေးနွေးပွဲ အပြီးမှာတော့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘားစ် အာရက်ချီက အလုပ်တွေ ဆက်လုပ်ဖို့ ကျန်သေးတယ်လို့ ပြောပါတယ်။
ကြားဝင်ညှိနှိုင်းပေးတဲ့ အိုမန်နိုင်ငံခြားရေးဝန်ကြီး ဘက်ဒ် အယ်လ်ဘူဆိုင်ဒီနဲ့ အမေရိကန်ဘက်ကလည်း ဆွေးနွေးပွဲမှာ တိုးတက်မှုတွေ ရှိခဲ့တယ်လို့ မှတ်ချက်ပေးကြပါတယ်။
ဒါပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကတော့ သဘောတူညီချက်မရရင် ကြုံရမဲ့ အကျိုးဆက်တွေကို အီရန်တို့ လိုလားမယ်မထင်ဘူးလို့ သတိပေးထားပါတယ်။
ထရမ့်ပ်ရဲ့ စစ်ရေးအရ ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ပြီး အီရန်ဘာသာရေးခေါင်းဆောင် အာယာတိုလာ အလီခါမေနီက “လေယာဉ်တင်သင်္ဘောထက် အဲဒီသင်္ဘောကို ပင်လယ်အောက် ကြမ်းပြင်ဆီ ပို့ပစ်နိုင်တဲ့ လက်နက်က ပိုအန္တရာယ်များတယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။
လက်ရှိ အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်ဟာ ကမ္ဘာ့အကြီးဆုံး စစ်သင်္ဘောကြီး အပါအဝင် တိုက်ခိုက်ရေးသင်္ဘောတွေ ထပ်လွှတ်ပြီး စစ်ရေးအင်အား တိုးချဲ့ထားပါတယ်။
အီရန်ကလည်း အမေရိကန်ရဲ့ လုပ်ရပ်တွေကို တုံ့ပြန်တဲ့အနေနဲ့ ဖေဖော်ဝါရီ ၁၆ ရက်က ဟော်မုဇ်ရေလက်ကြားထဲမှာ ရေကြောင်းစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ကတော့ သံတမန်နည်းလမ်းအရ အခွင့်အရေးရှိပေမဲ့ သဘောတူညီမှုရဖို့က တော်တော်ခက်ခဲမယ်လို့ ပြောထားပါတယ်။
Source: Reuters


