
အမေရိကန်က ကာလရှည် စစ်ဆင်ရေးအတွက် ပြင်ဆင်နေသလို အီရန်ကလည်း ဟော်မုဇ်ရေလက်ကြားမှာ စစ်ရေးလေ့ကျင့်နေချိန်မှာပဲ ၂ နိုင်ငံကိုယ်စားလှယ်တွေဟာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ နျူကလီးယားအရေး တဆင့်ခံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၇ ရက်မှာ ကျင်းပနေပါတယ်။
အိုမန်နိုင်ငံက ကြားဝင်စေ့စပ်ပေးတဲ့ ဒီဆွေးနွေးပွဲမှာ အမေရိကန် အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်၊ ဂျရက်ကုရှ်နာနဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာရက်ချီတို့ ပါဝင်ကြပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ပ်ကသာ တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ရင် အီရန်ကို ရက်သတ္တပတ်ပေါင်းများစွာ စစ်ဆင်ရေးလုပ်ဖို့ အမေရိကန်စစ်တပ်က ပြင်ဆင်နေတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
အီရန်ဘက်ကလည်း အရေးပါတဲ့ နိုင်ငံတကာရေလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားမှာ ဖေဖော်ဝါရီ ၁၆ ရက်ကစပြီး စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေပါတယ်။
အမေရိကန်နဲ့ မဟာမိတ် အစ္စရေးတို့က အီရန်ဟာ နျူကလီးယားလက်နက် တည်ဆောက်ဖို့ ကြိုးပမ်းနေတယ်လို့ ယုံကြည်နေပေမဲ့ အီရန်ကတော့ သူတို့ရဲ့ အစီအစဉ်ဟာ ငြိမ်းချမ်းရေးအတွက်ပဲလို့ တုံ့ပြန်ထားပါတယ်။
လက်ရှိမှာ အီရန်အစိုးရဟာ ပိတ်ဆို့အရေးယူမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေး အကျပ်အတည်းနဲ့ လူပေါင်းထောင်ချီ သေဆုံးခဲ့ရတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကြောင့် အင်အားနည်းပါးနေချိန်လည်း ဖြစ်ပါတယ်။
အမေရိကန်က အီရန်ရဲ့ ဒုံးကျည်လက်နက် အစီအစဉ်တွေကိုပါ ထည့်သွင်းဆွေးနွေးချင်ပေမဲ့ အီရန်ကတော့ ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့နဲ့ နျူကလီးယားအစီအစဉ် ကန့်သတ်ရေးကိုပဲ ဆွေးနွေးလိုကြောင်း ပြောထားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုကတော့ အီရန်နဲ့ သဘောတူညီချက်ရဖို့ ခက်ခဲပေမဲ့ အမေရိကန်အနေနဲ့ ကြိုးစားသွားဖို့ ဆန္ဒရှိတယ်လို့ ဖေဖော်ဝါရီ ၁၆ ရက်က ပြောပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ချီဟာ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) အကြီးအကဲ ရာဖေးလ်ဂရော့ဆီနဲ့လည်း ဖေဖော်ဝါရီ ၁၆ ရက်မှာ ဆွေးနွေးခဲ့ပါတယ်။


