Home
မြန်မာသတင်း
မြန်မာရွှေ့ပြောင်းလုပ်သား ၄ ဦးနှင့် ခိုက်ရန်ဖြစ်ပြီး အမေရိကန်နိုင်ငံသား ၁ ဦး သေဆုံး
DVB
·
February 18, 2026
Photo: matichon

ထိုင်းနိုင်ငံ ဘန်ကောက် ကျွမ်ထောင်းနယ်မြေထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်က မြန်မာရွှေ့ပြောင်းလုပ်သား ၄ ယောက်နဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အမေရိကန်နိုင်ငံသားတယောက် သေဆုံးသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ဖေဖော်ဝါရီ ၁၆ ရက် ညနေ ၄ နာရီခွဲခန့်က ကျွမ်ထောင်းနယ်မြေ ဘန်မွတ်ရပ်ကွက် ဖွတ်ထပူးချားလမ်းသွယ် ၃၉ လမ်းဘေးပလက်ဖောင်းမှာ ခိုက်ရန်ဖြစ်ပွားပြီး သေဆုံးသူရှိကြောင်း အကြောင်းကြားချက်ရတဲ့အတွက် အရေးပေါ်လူနာတင်ယာဉ်နဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဘန်မွတ်ရဲစခန်း တာဝန်ကျရဲမှူး ဆန်ချိုင်း ဖွန်းလ်ဖုံးက သတင်းထောက်တွေကို ပြောပါတယ်။ 

အချင်းဖြစ်တဲ့နေရာမှာ တကိုယ်လုံး ဓားဒဏ်ရာ ၅ ချက်ရပြီး ခြေတောက်နှစ်ဘက်လုံးကျိုးသွားကာ သေဆုံးနေပြီဖြစ်တဲ့ နိုင်ငံခြားသား အမျိုးသားအလောင်းကို တွေ့ရှိတဲ့အပြင် ဓားခုတ် ဒဏ်ရာရထားတဲ့ အမျိုးသားတယောက်ပါတွေ့ရှိပြီး ကယ်ဆယ်ရေးအဖွဲ့က ကျရိန်းကုန်းပရတ် ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။ 

သေဆုံးသူမှာ အသက် ၅၅ နှစ်ရွယ်ရှိ ကိုးလ်စတင်းဟက်  (Cole Stein Heath) ဆိုသူ အ မေရိကန်နိုင်ငံသားဖြစ်ပြီး ဒဏ်ရာရသူမှာ စောနေလင်းဦး ဆိုသူ မြန်မာလုပ်သားလို့ သိရပါတယ်။ 

ရဲတပ်ဖွဲ့တာဝန်ရှိသူတွေ စစ်ဆေးမေးမြန်းချက်အရ သေဆုံးသူ အမေရိကန်သားမှာ တရပ် ကွက်တည်းနေ နောင့်နမ့်ဖိန့် (၂၅ နှစ်) ဆိုသူ မြန်မာမိန်းကလေးရဲ့ ရည်းစားဟောင်းဖြစ်တယ်၊ နှစ်လလောက် တွဲလာကြပြီး သဘောထားမတိုက်ဆိုင်တာကြောင့် မိန်းကလေးက သူ့ကို အဆက်ဖြတ်လိုက်တယ်၊ ဒါပေမဲ့ သူကတော့ မိန်းကလေးကို လိုက်ချော့တယ်၊ မိန်းကလေးက အလိုမလိုက်တော့ ခြိမ်းခြောက်နှောင့်ယှက်တဲ့ထိ ဖြစ်လာတယ်လို့ ဆိုပါတယ်။ 

ဖေဖော်ဝါရီ ၁၅ ရက် ည ၁၀ နာရီခန့်က တကြိမ်၊  ဖေဖော်ဝါရီ ၁၆ ရက် ညနေပိုင်းမှာတကြိမ် မိန်းကလေးရှိတဲ့ တိုက်ခန်းကိုရောက်လာတယ်၊ လက်ထဲမှာ ဓားကိုက်လာပြီး ခြိမ်းခြောက်တယ်။ ၁၆ ရက်နေ့ ညနေမှာ မိန်းကလေးရဲ့ အစ်ကိုရင်းနဲ့ အစ်ကိုဝမ်းကွဲတွေ စုစုပေါင်း ၄ ယောက်က ပေးမတွေ့ဘဲ စကားများရန်ဖြစ်ကာ ထိုးကြိတ်ကြတယ်လို့ အဆိုပါမြန်မာ ၄ ယောက်ရဲ့ အလုပ်ရှင် (အဟောင်းပစ္စည်းရောင်းဝယ်ရေး) က ရဲတပ်ဖွဲ့ကို ပြောပါတယ် ။

မြန်မာလုပ်သား ၄ ယောက်ကလည်း အမေရိကန်နိုင်ငံသားနဲ့ ထိုးကြိတ်ကြောင်း ဝန်ခံပြီး  အဖမ်းခံ ပါတယ်။ သူတို့ဟာ အဆိုပါအမေရိကန်သားကို အသက်သေဆုံးစေတဲ့ထိ မရည်ရွယ်ဘူး၊ သူတို့မှာ ဓားလည်းမရှိဘူး၊ တုတ်ဘဲရှိတယ်၊ အမေရိကန်သားက သူတို့ကို စပြီးထိုးလို့ ပြန်ထိုးကြိတ်ရင်း လက်လွန်သွားတာလို့ ပြောပါတယ်။ 

တာဝန်ရှိသူတွေက သူတို့ ၃ ယောက်  (တယောက်မှာ ဆေးရုံတင်ထား) ကို လူသတ်မှုမှာ အသုံးပြုခဲ့တဲ့ အရှည် ၁၀ လက်မရှိ ဓားမြောင်တစ်ချောင်း၊ အရှည် ၁ မီတာရှိ သံတုတ်တချောင်းကိုပါ သက်သေနဲ့အတူ ဘန်မွတ်ရဲစခန်းမှာ ဖမ်းဆီးထားပြီး တမင်ရည်ရွယ်လူသတ်မှုနဲ့ အရေးယူသွားမယ်လို့ ပြောပါတယ်။ 

Source - SIAM News / matichon News 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013